အိမ်ပြေး (လင်းယံမြတ်)
အိမ်ပြေး  မီးရထားတွေ အိပ်မက်မက်တဲ့ညမှာ ကျနော်က နယ်မြို့လေးရဲ့ အဝေးမှာ။ အညိုရောင်ကော်ဖီကိုသောက်၊ ဂီတတဒေါင်ဒေါင်ခေါက်ပြီး ယောင်ချာချာခြောက်ကပ်တဲ့ ညနက်ရှည်တွေ ဖြတ်သန်းရင်း အမေ့အိမ်ကို လွမ်းခဲ့ရ။ မာနကိုဘေးချိတ်၊ သိတတ်မှုတွေချပြရင်း အပြုံးတုများရဲ့နောက်ကွယ်မှာလည်း ရိုက်ငိုခဲ့ရ။ ကျနော်က နယ်မြို့လေးရဲ့အဝေးမှာ စိတ်အစဉ်က အမေ့အိမ်မှာ။ ဘ၀ဆိုတာ ဘာများလဲ.... အတ္တကိုခြေနင်းထားပြီးခေါင်းငုံ့ခဲ့ရခြင်းတွေ ပကာသနအနံ့ကို ရှူ ရှိုက်ကြတဲ့ ပတ်၀န်းကျင်ထဲ ကိုယ်ရဲ့ရိုးသားမှုကို အရောင်မစွန်းအောင်ထုတ်ပိုးထားခဲ့ရခြင်းတွေ လေစိမ်းတွေ တိုက်တိုင်း ၊လေပြေလို ညင်သာခဲ့ရခြင်းတွေ။ အောင်မြင်မှုများရဲ့နောက်ကွယ်က ရှုံးနိမ့်မှုတွေ အပြုံးတုများရဲ့ မျက်ကွယ်က အမုန်းထုထည်တွေ သည်းခံခြင်းရဲ့ကျောဘက်က စာနာမှုတွေ ချစ်ခြင်းမေတ္တာရဲ့ အခြားတစ်ဖက်ကစောင့်စည်းခြင်းတွေ။ ဘ၀ဟာ ဟ၀ှက်ဖဲတစ်ချပ်ဆိုရင်တောင် သူတို့ဘက်က မမြင်နိုင်တဲ့ အခြမ်းတွေ။ ဘ၀ဟာ ဘယ်လောက်ကြမ်းနိုင်မလ...