Posts

Showing posts from December, 2017

တံခါးနှစ်ချပ်ပုံပြင် (မိုင်မျိုးမျိုးဆန်း)

Image
တံခါးနှစ်ချပ်ပုံပြင် မာနကိုယ်စီ ရင်မှာချိတ် မျိုသိပ်လို့ နာကြည်းကြတဲ့အခါ နှလုံးသားတံခါးနှစ်ချပ်လဲ တိတ်တဆိတ် ပိတ်သွားကြလေတယ်. . ဘေးစကားတွေကို အဆိပ်ငွေ့လို  ကိုယ်စီမျိုချ ညဥ့်နက်နက်တိုင်း ငိုကြွေးဖို့  အမှတ်တရတွေကို ပိုးလိုမွေးထားပေမယ့် အပြင်ကမ္ဘာမှာတော့ သူစိမ်းဆန်ဆန် ခါးနေလေ့ရှိကြတယ်. . ရင်ထဲမှာ နွေတစ်ရာဆိုပေမယ့် အပြင်မှာတော့ ခပ်ဟဟ ရယ်မောလို့  တိတ်တဆိတ်လွမ်းတာလူမသိအောင် မေ့နိုင်ပြီဆိုတဲ့ဆိုင်းဘုတ်ကိုယ်စီ ချိတ်ထားကြလေရဲ့ . . အတ္တအဆိပ်သင့်သူနှစ်ဦးအတွက် လုံလောက်တဲ့ဖြေဆေးက သံယောဇဉ်ဆိုပေမယ့် အနိုင်လိုသူနှစ်ဦးကတော့ အလံဖြူကိုယ်စီ ရိုက်ချိုးထားနေဆဲ. . ဒီလိုနဲ့ပဲ. . ရက်စွဲတွေတစ်ခါသစ်တိုင်း မျှော် လင့်ခြင်းကို တစ်ခါသတယ် တစ်ယောက်ကတစ်ယောက်ထက်ပိုချစ်ခဲ့ရင် ဖြေရှင်းဖို့ လွယ်တဲ့ ပုစ္စာဆိုပေမယ့်. . . မာနကိုယ်စီ ရင်မှာချိတ်လို့  သူတို့ . . နှလုံးသားတံခါး ပိတ်ထားကြလေတယ်. . .။                                           မိုင်မျိုးမျိုးဆန်း

ကိုယ်..ဒီကဗျာကို ခေါင်းစဉ်မတပ်ပါရစေနဲ့ (မိုင်မျိုးမျိုးဆန်း)

Image
ကိုယ်..ဒီကဗျာကို ခေါင်းစဉ်မတပ်ပါရစေနဲ့ ဒဏ်ရာပေါ် ဒဏ်ရာထပ်တော့  ဒဏ်ရာတွေ အဆက်မပြတ်  ဒဏ်ခတ်ခံရတယ်  လူပြောများကြတာတော့  ဝဋ်ကြွေးဆိုတာ ဆပ်ဖို့ မလွယ်ဘူးတဲ့  ချစ်မိတာကိုက ဝဋ်နာ ကံနာ ထင်ပါရဲ့  . . အရှုံးလို့ အမည်မပေးရက်တဲ့ အရှုံးတွေနဲ့  တဖြည်းဖြည်း အချစ်က နိဂုံးဆန်လာတယ်  မေးထူးခေါ်ပြောအဆင့်နဲ့ပဲ  အကြင်နာတွေက လေတိုက်တိုင်းလွင့်ပါးသွားကြတယ်  ငါက မာနကြီးတယ်ဆိုရင်  မင်းကိုယ်မင်း ရက်စက်ခြင်းလို့ ခေါင်းစဉ်တပ်ပါလေ . . ညဥ့်နက်တိုင်း မျက်စိကိုစုံမှိတ်လို့  အိပ်မပျော်ပဲ အလွမ်းအိပ်မက်တွေမက်မက်နေတာခက်တယ်  သတိရခြင်း ၁ သတိရခြင်း ၂  သတိရခြင်း ၃  အိပ်စက်ခြင်းကတော့ လုံးလုံးရောက်မလာခဲ့ဘူး ရေတွက်ဖို့ ခက်တဲ့ သတိရခြင်းတွေနဲ့လေ . . အမှောင်ကမ္ဘာမှာ ပုန်းကွယ်ရမလား လွမ်းရတာတောင် တိုးတိုးတိတ်တိတ်  ဆိတ်ငြိမ်ရာအရပ်က ဆုတောင်းခွင့်ပြုပါ  နီးစပ်ဖို့ မလုံလောက်ခဲ့ရင်  လုံလောက်စွာ ဝေးပါရစေသား. . . အလားတူ တေးသွားမျိုးနဲ့ ငြီးတွားလို့ နာကျင်ရခြင်းမှ ဝေးပါစေ . . . သံသရာ အဆက်ဆက် . . သံသရာ အဆက်ဆက်အထိပေါ့ . . .။                                   မိုင်မျိုးမျိုးဆန်း

ချစ်လို့ရေးတဲ့ကဗျာ(၁) အောင်ဝေး

Image
ချစ်လို့ရေးတဲ့ကဗျာ(၁)                               ဒီတစ်ခါ သေပြီးရင် နောက်ထပ် မသေတော့ဘူး မြစ်က။ အချစ်လည်း ဒီလိုပဲ ဘယ်လိုလဲဆိုတော့ကာ ဟိုလေ … ။ မြစ်ကို သေအောင်သတ်ပြီးမှ ရေလည်း မစီးဘူး လှိုင်းလည်း မခွပ်ဘူး ကမ်းပါးလည်း မညွှတ်ဘူး မပြောနဲ့။ အချစ်က တစ်သက်မှာ တစ်ခါပဲ ရှင်ရတာ။ မြစ်ကလည်း တစ်ခေတ်မှာ တစ်ခါပဲ ဖြတ်သန်းရတာ။ ” ခေတ်ကြီးက မစွံပါဘူးရှင် ” မတရား မပြောပါနဲ့ ခင်ရယ်။ သတ္တိရှိရင် ရဲရဲချစ်လိုက်ပါ ခင်ဖြတ်သန်းနေတဲ့ ခေတ်ကို ချစ်လိုက်ပေါ့ ။ ဗမာပြည်မှာ ချစ်လို့သေတဲ့မသာ မရှိပါဘူး။ ။ အောင်ဝေး

ငါ့ကန္တာရ (ဖြိုးဝေအောင်)

Image
ငါ့ကန္တာရ (၁) ငါ့နှလုံးသား ကန္တာရမှာ နင့်အချစ်တွေက ရေမှုန်ရေစက်တွေလို ရှားပါးလိုက်တာဟာ (၂) တအီအီရွေ့လျားနေတဲ့ နင့်အချစ်တိမ်တိုက်တွေက ငါ့အပေါ် ကို အစုလိုက်အပြုံလိုက် အုံလိုက်ကျင်းလိုက် ပြိုကျပါတဲ့လား (၃) ပူပြင်းခြောက်သွေ့လှတဲ့ ငါ့နှလုံးသား သဲစလေးတွေက အလွမ်းလေပြင်းတိုက်ခတ်တိုင်း ဆို့နင့်ကြေကွဲရင်းနဲ့ ဟိုတစ်စ သည်တစ်စ လွင့်ကျ ကိုယ်စီကိုယ်ငှ ဒဏ်ရာရကြတယ် (၄) ခုတော့လေ ငါ့ရင်ခွင်မှာ နင့်ရဲ့ဥပေက္ခာ အိုအေစစ်ကြီးက စိမ်းလို့ စိုလို့ (၅) ဝေဒနာဆိုတာတွေဟာ ငါ့အတွက်တော့ တရွေ့ရွေ့ တအီအီ ခရီးချီနေတဲ့ ကန္တာရ ကုလားအုတ်တစ်ကောင်ထက် ပိုလို့တောင် မြင့်မားနေပါတယ် (၆) ငါ့ရင်ခွင် ကန္တာရ နယ်ပယ်မှာ နင့်အချစ်တွေ မျိုးသုဉ်းသွားပြီထင်ပါတယ်                               ဖြိုးဝေအောင် (SUOE)

မျက်နှာဖုံးတွေရဲ့အောက် (မအိသဉ္ဇာကျော်) Translated by HZH

Image
မျက်နှာဖုံးတွေရဲ့အောက် မျက်နှာဖုံးတွေအောက်က အတ္တပါးပါးလေးကို မြင်တဲ့အခါ...... ကိုယ် ပြုံးမိတယ်  လူတွေဟာ ကိုယ့်ကိုကိုယ် အတ္တတွေနဲ့ထုံမွှမ်းပြီး ဟန်ဆောင်မျက်နှာဖုံးတပ်ထားကြတဲ့သတ္တဝါတွေပဲ လောကဓံဆိုတာကို ကြားတဲ့အခါ ခပ်သောသောရယ်ဖြစ်တယ် တကယ်တော့ လောကဓံဆိုတာ ကံဆိုးမသွားရာ မိုးလိုက်ရွာတတ်တဲ့အမျိုးပဲ...... အကောင်းအဆိုး အမှားအမှန် သေချာမသဲကွဲတဲ့အခါ ဝေဖန် အပြစ်တင်မှုတွေကို  ခပ်ဆိတ်ဆိတ်ပဲ နားထောင်ပေးလိုက်တယ် အမှန်တရားကိုသိလာတဲ့အခါ အလိုလို တိတ်ဆိတ်သွားကြတာချည်းပဲ..... ကြောက်တယ်..... တဖြည်းဖြည်းကြောက်လာတယ် မျက်လုံးတွေကို ကြောက်တယ် နားတွေကို ကြောက်တယ် နှုတ်ခမ်းတွေကို ကြောက်တယ် တစ်ခါတစ်လေမှာ သူများတွေလင်းဖို့ ကိုယ့်ကိုကိုယ်မှောင်ပြလိုက်ရတာ ပိုအေးချမ်းတယ် ကိုယ့်အတွက် ကိုယ်ရှင်သန်နေတာမို့ ကိုယ့်ကို အကဲဖြတ်ဖို့ ကိုယ့်ကို ဝေဖန်ဖို့..... တစ်ခြားသူတွေမလိုဘူး ကိုယ် ကိုယ်တိုင်ပဲ လိုတယ်..... ကိုယ့်မျက်လုံးတွေကို မှိတ်လိုက်တယ် ကိုယ့်နားတွေကို ပိတ်လိုက်တယ် ကိုယ့်နှုတ်ခမ်းတွေကို ပိတ်လိုက်တယ် အေးချမ်းစွာ အနားယူပါရစေ...... ကမ္ဘာကြီးပူနွေးလာတဲ့အကြောင်း မသိချင်ဘူး ရာသီဥတုတွေ ဖောက်ပြန်လာတဲ့အကြောင

ရွာသူဖြစ်ချင်တယ် (မိုင်မျိုးမျိုးဆန်း)

Image
ရွာသူဖြစ်ချင်တယ် ဘယ်သူတွေ ဘယ်လိုလက်ညှိုးထိုးထိုး ရွာသူတစ်ယောက်ဖြစ်ချင်တယ်. . . ဆယ့်နှစ်ကြိုးအတတ်တွေနဲ့ ရင်ခွင်ကိုထွင်းဖောက်လို့  အတွေးထဲကို မွှေနှောက်ကြည့်မယ်. . ပညာတွေ အစွမ်းကုန်သုံးလို့  နှလုံးသားကို ပြုစားကြည့်မယ်. . တစ်ခါ တစ်ခါ တော့ နူးညံ့ခြင်းရဲ့ သမီးပျို. . တစ်ခါ တစ်ခါတော့ အကျည်းတန်တဲ့ဒေါသတွေနဲ့ တစ်ခါ တစ်ခါတော့လဲ စိတ်ကူးယဉ်နန်းတော်ထဲကို အလည်အပတ်ခေါ်လိုက်မှာပေါ့. . မျက်ရည်တွေပုလဲဖြစ်စေ ရယ်မောခြင်းတွေ ရွဲဖြစ်စေသား ငါမုန်းတဲ့ကောင်မလေးတွေတော့ လေလို ပြာလို ခပ်ဝေးဝေးဆီမျှောပစ်လိုက်မယ် . . အပ်ချလောင်း သူ့ နှလုံးသားမှာ ကိုယ်သာရှိစေသား။       ။                      မိုင်မျိုးမျိုးဆန်း