တံခါးနှစ်ချပ်ပုံပြင် (မိုင်မျိုးမျိုးဆန်း)
တံခါးနှစ်ချပ်ပုံပြင်
မာနကိုယ်စီ ရင်မှာချိတ်
မျိုသိပ်လို့ နာကြည်းကြတဲ့အခါ
နှလုံးသားတံခါးနှစ်ချပ်လဲ
တိတ်တဆိတ် ပိတ်သွားကြလေတယ်. .
ဘေးစကားတွေကို
အဆိပ်ငွေ့လို ကိုယ်စီမျိုချ
ညဥ့်နက်နက်တိုင်း ငိုကြွေးဖို့ 
အမှတ်တရတွေကို ပိုးလိုမွေးထားပေမယ့်
အပြင်ကမ္ဘာမှာတော့
သူစိမ်းဆန်ဆန် ခါးနေလေ့ရှိကြတယ်. .
ရင်ထဲမှာ နွေတစ်ရာဆိုပေမယ့်
အပြင်မှာတော့ ခပ်ဟဟ ရယ်မောလို့ 
တိတ်တဆိတ်လွမ်းတာလူမသိအောင်
မေ့နိုင်ပြီဆိုတဲ့ဆိုင်းဘုတ်ကိုယ်စီ ချိတ်ထားကြလေရဲ့ . .
အတ္တအဆိပ်သင့်သူနှစ်ဦးအတွက်
လုံလောက်တဲ့ဖြေဆေးက သံယောဇဉ်ဆိုပေမယ့်
အနိုင်လိုသူနှစ်ဦးကတော့
အလံဖြူကိုယ်စီ ရိုက်ချိုးထားနေဆဲ. .
ဒီလိုနဲ့ပဲ. .
ရက်စွဲတွေတစ်ခါသစ်တိုင်းမျှော်လင့်ခြင်းကို တစ်ခါသတယ်
တစ်ယောက်ကတစ်ယောက်ထက်ပိုချစ်ခဲ့ရင်
ဖြေရှင်းဖို့ လွယ်တဲ့ ပုစ္စာဆိုပေမယ့်. . .
မာနကိုယ်စီ ရင်မှာချိတ်လို့ 
သူတို့ . .
နှလုံးသားတံခါး ပိတ်ထားကြလေတယ်. . .။
မိုင်မျိုးမျိုးဆန်း
Comments
Post a Comment