နောက်ဆုံးစာမေးပွဲ (လင်္ကာရည်ကျော်)


နောက်ဆုံးစာမေးပွဲ


(လင်္ကာရည်ကျော်)


(၁)


ဘဝမှာ ကိုယ့်လောက် စာမေးပွဲ ဖြေဖူးသူ ရှိခဲ့လျှင်တောင် တော်တော်တော့ ရှားမည်ဟု ဒေါက်တာအောင်ကျော် တွေးမိသည်။ ကျခဲ့သည့် စာမေးပွဲတွေကလည်း အများကြီး။ အောင်ခဲ့သည့် စာမေးပွဲတွေကလည်း အများကြီး။ သည်လောက် စာမေးပွဲပါး ဝနေတာတောင် စာမေးပွဲတစ်ခု ဖြေဖို့ စောစောစီးစီး ကတည်းက လုံလောက်စွာ စနစ်တကျ ကြိုတင် ပြင်ဆင်ခဲ့သည်ဟု တစ်ခါမှ မရှိခဲ့စဖူး။ တကယ် ဖြေရတော့မည် ဆိုမှပဲ နေ့မီး ၊ ညမီးနှင့် ဝုန်းဒိုင်း ကျဲရတာချည်းသာ။ သူ့ကို စာမေးပွဲ ဖြေရတာ ပျော်နေသည်ဟု လူငယ်တွေက ထင်တတ်ကြသည်။ တကယ်တော့ စာမေးပွဲ ဖြေရတာ သူ တစ်ခါမှ မပျော်ပါ။ လုပ်စရာ အလုပ်တစ်ခုကို လုပ်ချိန်တန်လျှင် ရှောင်လွှဲ မသွားတတ်သော သူ့ဝသီကြောင့် စာမေးပွဲတွေ တစ်ခုပြီးတစ်ခု ဖြေနေရခြင်း ဖြစ်ပါသည်။ တကယ်တော့ စာမေးပွဲ ဖြေတာက လွဲလျှင် သူ လုပ်ရတာ ပျော်သော အလုပ်တွေက အများကြီး။ ငယ်စဉ်ကဆိုလျှင် ရုပ်ရှင်ကို ရုံမှာ သွားတန်းစီ ကြည့်ရတာကိုလည်း သူ ပျော်သည်။ အပေါင်းအသင်းတွေနှင့် ခရီးသွားရတာကိုလည်း သူ ပျော်သည်။ အတန်းပညာနှင့် လုံးလုံးမသက်ဆိုင်လျှင် ဘာစာ ဖတ်ရဖတ်ရ သူ ပျော်သည်။ နည်းနည်း အရွယ်ရလာ တီဗွီ ပေါ်လာတော့ တီဗွီရှေ့ ထိုင်ရတာကို သူ ပျော်သည်။ နောက်ပိုင်း ကွန်ပျူတာရှေ့၊ အင်တာနက်ရှေ့ ထိုင်ရတာ ပျော်သည်။ အိမ်ထောင်ကျပြီး တာဝန်အရ မိသားစုနှင့် ခွဲနေရသည့် အချိန်က အတူနေရသည့် အချိန်ထက် ပိုများတော့ မိသားစုနှင့် နေရတာကို သူ ပျော်သည်။ စာမေးပွဲ ဖြေဆိုရန် ပြင်ဆင်ရတာက လွဲလျှင် ဘာလုပ်လုပ် ပျော်နေတတ်သူ။


ဘဝမှာ အသက်လေးဆယ် ကျော်သည်အထိ စာမေးပွဲတွေ ဖြေမဆုံးနိုင် ဖြစ်ခဲ့ရတာက လောကကြီး တော်တော် မတရားဟု သူ ထင်သည်။ ဘွဲ့တွေ အများကြီးရသော ခွဲစိတ်ဆရာဝန်ကြီး တစ်ဦး ဘဝကို လူတကာက အားကျနေချိန်တွင် ဒေါက်တာအောင်ကျော်က ထိုဘွဲ့တွေ အများကြီးရဖို့အတွက် သူမပျော်ပဲ ဖြေလိုက်ရသည့် စာမေးပွဲတွေကိုသာ သတိရနေမိသည်။ လူ့ဘဝဆိုတာ ဒီထက်တော့ ပျော်ပျော်ကလေး နေလိုက်ရပြီး ကုန်သွားခဲ့ဖို့ ကောင်းတာပေါ့။ စာမေးပွဲ တစ်ခါဖြေပြီးတိုင်း  ဖြေပြီးတိုင်းလည်း တော်ပြီ နောက်ဆို ငါ ဘာစာမေးပွဲမှ မဖြေတော့ဘူး။ ရာထူး မတက်ချင် နေပါစေတော့ဟု အကြိမ်ကြိမ် ဆုံးဖြတ် ခဲ့မိသည်ချည်းသာ ဖြစ်သည်။ ပြီးတော့လည်း အချိန်တန်တော့ မဖြေမဖြစ် စာမေးပွဲတစ်ခုက ပေါ်လာခဲ့သည်ချည်းသာ။ အသက် လေးဆယ့်ငါးနှစ်တွင် ခွဲစိတ်ပါရဂူဘွဲ့ရပြီးချိန်တွင်တော့ တကယ့်ကို ဘာစာမေးပွဲမှ ဖြေစရာမရှိတော့ဟု စိတ်ကို ဒုံးဒုံးချလိုက်သည့်နောက်ပိုင်း ဆယ်နှစ်လုံးလုံး ဘဝက အေးချမ်းလို့။ အသက် ငါးဆယ့်ငါးနှစ် ကျတော့မှ နောက်ဆုံး စာမေးပွဲတစ်ခု ရှိနေတာကို ဗြုန်းစားကြီး သတိထားမိတော့သည်။


ငုံ့၍ခွဲနေလျှင် ခါးက ခဏခဏ ကိုက်နေသည်ကို သတိထားမိသည်မှာ တော်တော်ကြာပြီ။ အထူးသဖြင့် ခြေနှင့်ဆိုင်သော ခွဲစိတ်မှုလိုမျိုး ကြာကြာခွဲရသည့် အခါမျိုးတွင် မခံမရပ်နိုင်အောင် ကိုက်လေ့ရှိသည်။


"ကျီးပေါင်းတက်တာ နေမှာပေါ့ ဆရာကျော်ရယ်"


မေ့ဆေးဆရာဝန်ကြီးက ထင်မြင်ချက်ပေးသည်။


"ရက်စက်ပါ့ ဆရာရယ်  ကျွန်တော်က ကိုယ့်ကိုယ်ကို ငယ်ငယ်ကလေးပဲ ထင်နေတာ"


ရယ်ရွှန်းပတ်ရွှန်းနှင့် ပြန်ချေပမိသည်။ တကယ်တော့ အရိုး ကျီးပေါင်းတက်သည် ဆိုသည်မှာ တော်တော်ကြီးမှ ဖြစ်နိုင်သည်ဟု သူ ခံယူထားသည်။


"ခွဲစိတ်ဆရာဝန် ဆိုတာ လူသာ ငယ်လျှင် ငယ်မည်။ ခါးက အိုတာ မြန်နိုင်တယ်ဗျ။ တစ်ချိန်လုံး ကုန်းခွဲနေရတာ။ ခင်ဗျား ဓာတ်မှန်တော့ ရိုက်ကြည့်သင့်တယ်"

"ဓာတ်မှန် ဘာလုပ်မှာလဲ ဆရာကျော်ရဲ့။ အမ်အာရ်အိုင် (MRI) ရိုက်ပါလား။ ပီအိုင်ဒီ ဆိုရင် MRI ကမှ ပေါ်တာ"


ခွဲစိတ်ခန်းပေါက်မှ ခေါင်းပြူ၍ မီးယပ်သားဖွား ဆရာဝန်မမက ဝင် အကြံပေးသည်။


ပီအိုင်ဒီ ဆိုတာကလည်း ကျောရိုးဆစ် နှစ်ခုကြားမှ အရိုးနုပြားကလေး ကျွံထွက်တာ။ အလေးချိန် သိပ်များတဲ့သူတွေမှ ဖြစ်တာပါပဲ။  ငါ ဒီလောက် မဝအောင် ထိန်းထားနိုင်ခဲ့တာ။ အဲဒါတော့ ဖြစ်နိုင်စရာ အကြောင်း မရှိပါဘူး။ အင်း ... ဓာတ်မှန်တော့ ရိုက်လိုက်မှ ...


( ၂ )


ကင်ဆာတဲ့။

အစာလမ်းကြောင်း တစ်နေရာရာက လာသတဲ့။

အခု အရိုးကို ပျံ့နေတာတဲ့။

ဘုရားရေ။

ငါ မကြာခင် သေရတော့မှာ တဲ့လား။


ဆရာဝန် ဆရာဝန်ချင်း လူနာ ပြန်လုပ်ရသောအခါ သူငယ်ချင်း ဆရာဝန်များက သူ့ကို အဖြေမှန် ပြောမပြပဲ ကြာကြာ မဖုံးကွယ်နိုင်ခဲ့။ သိရသော အခါတွင်လည်း သူ အရူးမီးဝိုင်း ဆောက်တည်ရာမရ ဖြစ်ခဲ့သည်။ ပိုဆိုးသည်က ဇနီးနှင့် သားသမီးများကလည်း သူ့ကို ဖေးမနှစ်သိမ့်နိုင်ဖို့ နေနေသာသာ သူတို့ကိုယ်တိုင်ပင် အရူးမီးဝိုင်း ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေကြသည်။


"နိုင်ငံခြား သွားကုရမလား"

"သူငယ်ချင်းသဘောပဲ။ ကြိုးစားတာကတော့ အရှုံး မရှိပါဘူး"


ဘုရား။


သည်အဖြေက သိပ်ပြီး အားတက်သရော မရှိ။ ကုသပေးနေသည့် ဆရာဝန် ကိုယ်တိုင်က သူ့အပေါ်မှာ မျှော်လင့်ချက် သိပ်ထားနိုင်ပုံ မပေါ်။ ဒါ စာမေးပွဲ ကျတာပါပဲ။  ရက်ပိုင်း အလွန်ဆုံးလပိုင်းလောက် ကုသမှု ခံလိုက်ရလျှင် ကောင်းသွားမည်ဟု ယူဆထားခဲ့မိသော ခါးနာ ဝေဒနာ။ ယခုတော့ ကုသ၍ မပျောက်သည့်အပြင် အသက်ကိုပါ မလွဲမသွေ သိမ်းပိုက်တော့မည်တဲ့။


ရှုံးပြီ။


နေပါဦး။


ငါ အခါတိုင်းလည်း စာမေးပွဲ အကြိမ်ကြိမ် ကျခဲ့ ရှုံးခဲ့တာပဲ။ ခါတိုင်း စာမေးပွဲ ကျရင် ငါ ဘယ်လောက်ကြာကြာ ကြေကွဲခဲ့လို့လဲ။ လူးလဲထပြီး နောက်တစ်ခါ ပြန်ဖြေဖို့ ပြင်ဆင်တာပဲ မဟုတ်လား။ သည်တစ်ခါရော အဲသည်အတိုင်း လုပ်ရင် မရနိုင်ဘူးလား။ သေရမည့် ရောဂါတစ်ခု မိမိကိုယ်ထဲ ရောက်နေသည်။


အဲသည်ရောဂါကို အမြစ်ပြတ် မောင်းထုတ်ချင်သည်။


နည်းလမ်းတွေ စဉ်းစားလိုက်တော့ သိပ်မရေရာ။ သည့်ထက် သေချာ ရေရာပြီး အကျိုးအမြတ် ရှိမည့် ကိစ္စကို ဘာကိုမှ မလုပ်လိုက်ရပဲ ရှိစုမဲ့စု ကျန်နေသည့်အချိန်ကလေး ကုန်ဆုံးသွားဖို့ရှိသည်။


တော်ပြီ။


အဲဒီ စာမေးပွဲ ငါ မဖြေကြည့်တော့ဘူး။


ငါသေသွားတဲ့အချိန်မှာ ရှင်ကျန်နေခဲ့တဲ့သူတွေလည်း အချိန်တန်ရင် အားလုံး သေကြရဦးမှာပဲ။ ငါလည်း အခုတစ်ခေါက် ရှင်ရင် နောက်တစ်ခေါက်မှာ နောက်ရောဂါ တစ်ခုနဲ့ သေဦးမှာပဲ။ သေမင်းနဲ့ ယှဉ်ပြိုင်ပြီး နိုင်အောင် စာမေးပွဲဖြေဖို့ ဆိုရင်တော့ ရူးရာ ကျတာ့မယ်။ အဆင်သင့် အနေထားနဲ့ သေနိုင်ဖို့ စာမေးပွဲ လိုတာပေါ့။


လုံလောက်သော ပြင်ဆင်မှုများနဲ့ စာမေးပွဲခန်းကို ဝင်ခဲ့လို့ လုံလောက်သော ပြင်ဆင်မှုများနှင့် သေခြင်းတရားကို ရင်ဆိုင်ဖို့။ ဒါက နည်းနည်း နီးစပ်မည်။ ယုတ္တိတန်မည်။ လုပ်စရာ ရှိသည့် အလုပ်တွေကို ဇယားတွက်ချက် ကြည့်သောအခါကျတော့ အခါတိုင်း စာမေးပွဲတွေ ဖြေခဲ့သလိုပင်။ လုံလောက်သော ကြိုတင်ပြင်ဆင်ချိန် သူ့မှာ မရှိတော့ကြောင်း အလန့်တကြား တွေ့ရလေသည်။ သားနှင့် သမီးက ကျောင်းမပြီးသေး။ အိမ်ထောင်မကျသေး။ ထားလိုက်တော့။ ထားလိုက်တော့။ အသက်မွေးဝမ်းကျောင်း တက္ကသိုလ်တွေ တက်နေတာပဲ။ ကျောင်းပြီးသည်အထိ ဆက်ထားနိုင်ဖို့ အတွက်တော့ သူ့ဇနီးမှာ လုံလောက်သော အင်အား၊ စိတ်ဓာတ်နှင့် ဥာဏ်ရည် ရှိသည်။ အဲသည် ဥာဏ်ရည်ကို သတိပြုမိ၍သာ ဇနီးသည်ကို ငယ်စဉ်က သူ ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ ဒါအတွက် ပူစရာမလို။ လိုတော့ရော ဘာတတ်နိုင်မှာတဲ့လဲ။ သားနှင့်သမီး ကျောင်းပြီးသည်အထိ သူ့အသက်ကို ဆွဲဆန့်၍မှ မရတာ။ ထားလိုက်။ ထားသာ ထားလိုက်တော့။ ကိုယ့်ကိုယ်ကို အတွက်ရော။ သေခြင်းတရားကို တည်ငြိမ်စွာ ရင်ဆိုင်နိုင်ဖို့ ဘယ်လောက် အဆင်သင့် ဖြစ်နေပြီလဲ။ သင်ခန်းစာတွေ ကျေလို့လား။ ခေါင်းကိုသာ ယမ်းမိသည်။ တော်ပါသေးရဲ့။ မိရိုးဖလာထက် ပို၍ သဒ္ဒါတရား ထက်သန်သော ဗုဒ္ဓဘာသာဝင် တစ်ဦး ဖြစ်နေခဲ့လို့။


သည်စာမေးပွဲအတွက် စာမကျက်ရသေးပေမဲ့ အဲသည်စာတွေက ဘယ်က ရှာကျက်ရမည် ဆိုတာတော့ သူ သိလေသည်။ ဇနီးသည်က သူ့ကို သွေးရူးသွေးတန်း ဖြစ်နေသည်ဟု ထင်သည်။ သူငယ်ချင်း ဆရာဝန်ကြီးများကို တိုင်ပင်သည်။


ကောင်ဆယ်လင်း ( Counselling ) နှစ်သိမ့်ဆွေးနွေး အကြံပေးခြင်းအတွက် ဘယ်ဆရာဝန်ကို အားကိုးရမလဲဟု။ သူငယ်ချင်း ဆရာဝန်များက ခေါင်းကုတ်သည်။ သူတို့အမြင်တွင် အောင်ကျော်သည် ရောဂါကို ရင်ဆိုင်ရာတွင် သူကိုယ်တိုင် လူနာ ဖြစ်နေလင့်ကစား ဆရာဝန်များထက်ပင် သွေးအေးနေသည်။ ရက်ချိန်း မှန်မှန်လာသည်။ ကုသမှု မှန်မှန်ခံယူသည်။ လာပြီးလျှင်တော့ ချက်ချင်း ထပြန်သည်။ တတ်နိုင်သမျှတော့ ခဏခဏ မလာပဲ နေချင်ကြောင်း ဗြောင်ပြောသည်။


လမ်းမှန်မှန် လျှောက်နေသေးသည်။ အစားအသောက် မပျက်။ ဟိုစမ်းကြည့်ရအောင်။ ဒီဟာစမ်းကြည့်ရအောင် ဆိုလျှင်တော့ နိုးပဲ။ ပိစပ်၊ ဆူလာနဖာ၊ ယတြာ၊ အကြားအမြင် အကုန် ငြင်းသည်။


ခိုင်မာစွာ သက်သေမပြနိုင်သော မျှော်လင့်ချက်များအတွက် သူ့မှာ အချိန်မရှိ။ အားသည်နှင့် ကက်ဆက်အနား သွားထိုင်သည်။ မီးမလာလျှင် ဓာတ်ခဲနှင့် ဖွင့်သည်။ အရှင်ဥာဏိဿရ၊ အရှင်ဇဝန၊ အရှင်ဆေကိန္န၊ အရှင်ဆန္ဒာဓိက၊ အရှင်ပညိဿရ။ ထွက်ထွက်သမျှသော တရားခွေတွေကို ဝါးစားပစ်သလို နားထောင်သည်။ တရားစာအုပ်တွေ ဖတ်သည်။ သည်အထဲက ငြိမ်းချမ်းစွာ သေနိုင်ဖို့ နည်းလမ်းကောင်းတွေကို တွေ့ရမည်ဟု သူ ယုံကြည်ထားသည်။ တစ်နေ့ တစ်နာရီခန့် တရားမှတ်သည်။ မထိုင်နိုင်ပါ။ လှဲ၍ မှတ်သည်။ တရားမှတ်သည် ဆိုသည်ထက် သေနည်းလေ့ကျင့် နေသည်ဆိုလျှင် ပို၍မှန်မည် ထင်သည်။ ဖြစ်ပျက်ကို မြင်အောင်ရှု၍ မရ။ ဝေဒနာကိုပဲ စိတ်စွဲနေသည်။ မျက်လုံးတွေ မို့ယောင်နေအောင် အမြဲငိုနေကြသည့် ဇနီးနှင့် သမီးမျက်နှာကို အာရုံထဲက ထုတ်၍ မရ။ ကိုင်း မတတ်နိုင်ပါဘူး။ သေနည်းသာ လေ့ကျင့်။ မေတ္တာကို စူးစူးစိုက်စိုက် ပွားကြည့်သည်။ ပြီးတော့ ကရုဏာ၊ မုဒိတာ၊  ဥပေက္ခာ အာရုံတွေ လွင့်သွားသည်။ ကိုင်း မမြဲတတ်တာမှတ်။


( ၃ )


ရောဂါက ရင့်လာတော့ လမ်းမလျှောက်နိုင်တော့။ အိပ်ယာထဲက ထတာတောင် လူတွဲထရသည်။ ဒါက ရုပ်။ ရုပ်ယိုယွင်းနေတာ။ အဲသည် ယိုယွင်းနေသည့် ရုပ်တွေထဲမှာ မကြာခင် ဦးနှောက်နှင့် အသိတရား ပါသွားပေတော့မည်။


ဘုရားရေ သင်ခန်းစာတွေ မကျေညက်သေးပါလား။ ထားလိုက်။ ထားလိုက်။ အရင်စာမေးပွဲတွေ ဖြေခဲ့တုန်းကရော သင်ခန်းစာတွေ အားလုံး ကိုယ့်စိတ်ကြိုက် ကြေညက်ပြီးမှ ဖြေခဲ့ရသည့် စာမေးပွဲ ဘယ်နှစ်ခါများ ရှိခဲ့ဖူးလို့လဲ။ အဲသည် စာမေးပွဲ ဖြေသူ အားလုံးထဲက သင်ခန်းစာ အပြီးဆုံး အပေါ်ဆုံး သုံးပုံတစ်ပုံလောက်ထဲမှာ ပါရင်ကို အောင်လာခဲ့တာ မဟုတ်လား။ သည်တစ်ခါလည်း သည်လိုပဲပေါ့။ ပြီးမှာ မဟုတ်ဘူးဆိုပြီး စိတ်လျှော့လိုက်မှ စာမေးပွဲက ကျတော့မည်။ သည်တစ်ခါကျလျှင် ခါတိုင်းနှင့် မတူတာက နောက်တစ်ခါလည်း ပြန်ဖြေခွင့် ရတော့မှာမဟုတ်။ ရသလောက်နှင့်ဖြေ။ ဒါပဲ။ ယခုတော့ အချိန်နည်းနည်း ရသေးသည်။ ဆက်လုပ်။ ဆက်လုပ်။


"သူငယ်ချင်း ... ဆေးရုံမှာ ခဏ လာနားပါလား"

"တော်တော်... မင်းပြောတဲ့ ခဏ ငါ သိတယ်။ ငါ့မှာက အဲဒီ ခဏပဲ ရတော့တာ။ ကိုယ် နေသာပါတယ်ကွာ။ သူငယ်ချင်းလည်း ခဏခဏ မလာနဲ့။ မင်းလက်ထောက်တွေ ဘာတွေ တခါတလေ လွှတ်ကြည့်ခိုင်း"


သူငယ်ချင်း ဆရာဝန်:မျက်နှာပျက်သွားသည်။


"ဟ ... ငါ လာနိုင်ပါတယ်ကွာ ။ အဲဒါကြောင့် ပြောတာ မဟုတ်ဘူး"

"သိပါတယ် သူငယ်ချင်းရ။ မင်း ဘယ်လောက် အလုပ်များများ ကြိုးစားပြီး လာကြည့်ပေးမယ် ဆိုတာ။ ခက်တာက ငါကလည်း မင်းလာတော့ စကားက ပြောချင်တယ်။ မင်းတပည့်လေးတွေ လာတော့ ခဏနဲ့ပြန်။ ငါလည်း အမှတ်ကလေးနဲ့ ပြန်နေ။ တို့ငယ်ငယ်တုန်းက စာမေးပွဲဖြေခါနီး စာကျက်ရင် စကားမပြောမိအောင် တစ်ခန်းစီနေပြီး သွားကျက်ကြတာလေ။ အချင်းချင်း စာမေးချင်တဲ့ အခါနဲ့ စားတဲ့သောက်တဲ့ အခါပဲ ပြန်ပေါင်းကြတာ သတိမရဘူးလား"


သူငယ်ချင်း မျက်မှောင်ကုတ် ကြည့်သည်။


"အခု မင်းက ဘာစာမေးပွဲ ဖြေနေလို့လဲ"

ဒေါက်တာအောင်ကျော် သိမ်မွေ့စွာ ပြုံးသည်။


"ဘဝကူး စာမေးပွဲလေကွာ။ ငါ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ကူးချင်တယ်။ ငြိမ်းငြိမ်းချမ်းချမ်း ကူးတဲ့နည်း ရှိတယ်။ လေ့ကျင့်လို့ ရတယ်လို့လည်း ငါ ယုံကြည်တယ်။ အဲဒါ ငါ လေ့ကျင့်နေတာ။ အောင်မြင်ရင် ငါ စာမေးပွဲ အောင်တာပဲ"


သူငယ်ချင်း ဆရာဝန် ပါးစပ် အဟောင်းသား ဖြစ်သွားပါသည်။


(၄)


ခက်သည်က ဇနီးနှင့် သမီး။


သွားရတော့မည်ဆိုတာ သိလာလေလေ သူတို့က အနားက မခွါတော့လေ။ မိမိ ကျန်နေသေးသည့် သင်ခန်းစာတို့ မကျေညက်လေ။


ချစ်သည်လေ။ တစ်သက်လုံး ချစ်ခဲ့တာပဲ။ ခွဲရခါနီးမှာ ပိုချစ်တော့တာပေါ့။ ဇနီးက ထားဦး။ တော်တော်ကြာ ချစ်ခဲ့ရပြီး၍ ကျေနပ်သည်ပဲထား။ သမီးက ၁၈ နှစ်။ ချစ်၍ မဝတတ်သေး။ သည်ကြားထဲမှာ သမီးက ကြီးလာလေလေ ဒေါက်တာအောင်ကျော်နှင့် တူလာလေလေ။ ကိုယ့်မျက်နှာကို ပြန်မြင်နေသလို ရှိသော ကိုယ့်သွေး ကိုယ့်သား တစ်ဝက်တိတိ ပါသော သည်ရုပ်နာမ် အတွဲကလေးကို ဘယ်လို မချစ်ပဲ နေနိုင်ပါမည်လဲ။ ခက်တာက သူတို့ကို ချစ်နေလို့ သင်ခန်းစာတွေ မပြီးလဲ စာမေးပွဲက နောက်ဆုတ်ပေးမှာ မဟုတ်။ သူတို့ အဲသလို လွမ်းပြ ပူဆွေးပြနေလျှင် သင်ခန်းစာတွေ လေ့ကျင့်ခန်းတွေက တကယ်ကို ထိခိုက်တော့မည်။ ငယ်ငယ်တုန်းက စာမေးပွဲဖြေခါနီး သူတို့နားမှာ စာကျက်၍ မရသဖြင့် တမင် ဆေးရုံမှာ သွားသွား စာကျက်ရသလို ကျက်လို့ရလျှင် အကောင်းသား။


ဒါကလည်း မဖြစ်နိုင်။ ကိုယ်က သူတို့ထူမှ ထနိုင်သည့် ဘဝ။ သံယောဇဉ်ကို ဖြတ်နိုင်မှ အစွဲအလမ်း ကင်းကင်းနဲ့ ငြိမ်းချမ်းစွာ သေနိုင်မှာ။ သူတို့က ပိုစွဲလမ်းအောင် လုပ်နေကြသည်။


သား မင်းမှန်တယ်။ မင်းလည်း ဖေဖေ့ကိုချစ်တာ ဖေဖေ သိတယ်။ မင်းအလုပ်ကို မင်း ပုံမှန်မပျက်မကွက် ဆက်လုပ်နေတာ။ အဲဒါ မင်းအတွက်ရော ဖေဖေ့အတွက်ပါ ကောင်းတယ် သိလား။


မကြာခဏ သတိမေ့မျော တတ်လာသည်။ နိုးလာတိုင်း ငိုနေသည့် ဇနီးနှင့် သမီးမျက်နှာကို တွေ့ရသည်။ သူကတော့ သူ့ကိုယ်သူ ခဏ အိပ်ပျော်သွားသည်ဟုသာ ထင်သည်။ သူတို့တွေကတော့ သူ့ကို မျောနေသည်ဟု ထင်ဟန်ရှိသည်။ မျက်လုံး ဖွင့်ကြည့်သည်နှင့်ကို ဖေဖေဟု အတင်း ခေါ်ကြသည်။ သားကြီးက ခေါင်းရင်းကနေ ဘုရားစာ ရွတ်ဖတ်နေရင်းက ရပ်၍


"မလုပ်ကြနဲ့လေ။ ဖေဖေ့ကို စိတ်မဖြောင့်အောင် မလုပ်ကြနဲ့" ဟု တားသည်။


သူ သိပ်နားမလည်။ သူ့အတွက်တော့ ပုံမှန်အိပ်ပျော် နေသလိုပါပဲ။ တခါတလေ အိပ်မက်ပင် မက်လိုက်သေးသည်။ သူက နောက်ဆုံးနှစ် အပိုင်း (က) စာမေးပွဲ ဖြေမလို့တဲ့။ အိတ်ကပ်ထဲမှာ ဘောပင်နှစ်ချောင်း၊ ခဲတံတစ်ချောင်း၊  ပေတံတိုတစ်ချောင်း ထည့်၍ ကျောင်းကို သွားသည်။ ယခု သူ့ကို ဆေးကုနေသည့်သူငယ်ချင်းက တအံ့တဩ မေးသည်။


"အောင်ကျော် စာအုပ်လည်း တစ်အုပ်မှ မပါပါလား"

"တော်ပြီကွာ။ ဝင်ခါနီးမှ ကပ်ဖတ်ရင် ရင်ပူတယ်။ ခြောက်ခြားတယ်။ ညက ညာဉ့်နက်အောင် ဖတ်တယ်။ မိုးလင်းရင် မကိုင်တော့ဘူး"


သူငယ်ချင်းက ခေါင်းတဆတ်ဆတ် ညိတ်သည်။


"မင်းကတော့ စာတွေ ပြီးနေတာကိုးကွာ"


သူ ရယ်သည်။


"စာပြီးအောင် ဖတ်ပြီးမှ ဖြေဖြစ်တဲ့ စာမေးပွဲရယ်လို့တော့ ဘယ်ရှိပါ့မလဲကွာ။ ရသလောက် အချိန်ထဲမှာ နိုင်သလောက်တော့ လုပ်ထားပေါ့။ ဟိုဟာက မလုပ်ရသေးဘူး။ ဒီဟာက မဖတ်ရသေးဘူး။ ဒီအချိန် လိုက်တွေးနေရင် ဒီစာမေးပွဲက ဘယ်လိုမှ ဖြေနိုင်မှာ မဟုတ်တော့ဘူး။ ငါလုပ်သင့်သလောက် နိုင်သလောက် လုပ်ထားပြီးပြီ။ ထပ်လုပ်ချင်ရင်လည်း လုပ်ဖို့ အချိန်မရှိတော့ဘူး။ စိတ်အေးအေးပဲ ထားဖြေတော့မယ်။ ဒီလိုပဲ သဘောထားရတာပေါ့"


ခေါင်းတဆတ်ဆတ် ညိတ်နေသော သူငယ်ချင်းမျက်နှာ ရုတ်တရက် ဆိုသလို နှစ်ပေါင်း သုံးဆယ်လောက် အိုစာသွားသည်။ ပြီးတော့ သိသိသာသာ မျက်နှာပျက်နေသည်။


"ပရက်ရှာ ဇီးရိုး"


လေသံတိုးတိုးနှင့် ပြောသည်။


ဇနီးနှင့် သမီးတို့၏ ရှိုက်သံများ ထွက်လာသည်။


"သားလာ ။ ဖေဖေ့ကို ကန်တော့ကြရအောင်"


"ပြီးမှ ကန်တော့ မေမေ။ ဖေဖေ့ကို တရားစာ ဆိုပေးရအောင်။ ညီမလေးလည်း ငိုမနေနဲ့။ လာ ကိုကိုနဲ့အတူ ဘုရားစာ လာဆိုချေ"


သားအသံ ခေါင်းရင်းက ထွက်လာသည်။ သူ ကျေနပ်စွာ ပြုံးမိသည်။ ငါ့သား ငယ်ငယ်ရွယ်ရွယ်နဲ့ စာမေးပွဲ ဖြေတတ်နေပါရောလား။


သားအမိ သုံးယောက်စလုံး၏ တရားစာဆိုသံက တိုးတိုးကလေး။ မသဲမကွဲ။


သူ့ရှေ့က သူငယ်ချင်းက နှစ်သုံးဆယ်စာ ပြန်နုပျိုသွားသည်။


"ဘဲလ်တီးနေပြီ ဟေ့ကောင်။ ထ"

"ရတယ်လေ။ အချိန်ကျတော့လည်း ဖြေရုံပေါ့"


သူ ထပ်အိပ်ပျော်သွားသည်။


--------------------

လင်္ကာရည်ကျော်

family မဂ္ဂဇင်း၊ ဖေဖော်ဝါရီ၊ ၂၀၀၉။

Comments

Popular posts from this blog

ထူးခြားလှတဲ့ တန်ခူးလနှင့် အတာကူးတဲ့ သင်္ကြန် (credit- original writer)

ခရီးဖော် (မောင်မိုးအိမ်)

မှတ်ချက် - မျှော်လင့်ခြင်းမဟုတ်ပါ (မိုင်မျိုးမျိုးဆန်း)