ခြင်္သေ့စိတ်ဓါတ်နဲ့ Plan-B (ဒေါက်တာဖြိုးသီဟ)

ခြင်္သေ့စိတ်ဓါတ်နဲ့ Plan-B”


ဒီမေးခွန်းကတော့မြန်မာနိုင်ငံက လူငယ်တော်တော်များများရဲ့ ရင်ထဲမှာ ရှိနေတဲ့ မေးခွန်းတစ်ခုပါ။


‘ကိုယ့်ကိုယ်ကိုယ် ဘာဝါသနာပါမှန်း မသိတဲ့ လူငယ်တွေ၊ သိလည်း ကိုယ့်ဝါသနာကို အကောင်အထည်ဖော်လို့ မရတဲ့ လူငယ်တွေ ဘာလုပ်သင့်ပါသလဲ’ တဲ့။


ကျွန်တော်တို့ဆီမှာ မိဘတွေရဲ့ အုပ်ထိန်းမှု၊ ကျောင်းက ဆရာဆရာမတွေရဲ့ လမ်းညွှန်မှုဟာ ဘယ်ကိုပဲ အဓိကဦးတည်လဲဆိုရင် စာမေးပွဲမှာ အမှတ်များဖို့နဲ့ ဆယ်တန်းအောင်တဲ့အခါ တက္ကသိုလ်ကောင်းကောင်းတက်ရဖို့ပါပဲ။ ကလေး ဘာဝါသနာပါတယ်ဆိုတာကို ထုတ်ဖော်ဖို့ အားမပေးတတ်ကြဘူး။ အဲဒီအပြင် ပိတ်ပင်ခံရတာတွေတောင် ရှိပါတယ်။ ဒီအရွယ်မှာ အပြင်စာတွေမဖတ်နဲ့၊ ဘောလုံးချည်းပဲ ကန်နေတာပဲ၊ စသဖြင့် ကျောင်းစာမှာ အမှတ်နည်းမှာစိုးတာကြောင့် ကန့်သတ်ချုပ်ချယ်ကြတာတွေ ရှိပါတယ်။ ကျွန်တော်တို့ရဲ့ ပညာရေးစနစ်ကလည်း ဒီလိုဖြစ်အောင် ဖန်တီးပေးထားတာကိုး။


အဲဒီရဲ့ အကျိုးဆက်ကတော့ လူငယ်တွေဟာ ကိုယ့်ကိုယ်ကိုယ် ဘာဝါသနာပါမှန်း မသိတော့ဘူး။ အိမ်က တက်ခိုင်းတဲ့ တက္ကသိုလ်၊ အမှတ်မီတဲ့ တက္ကသိုလ် တက်တယ်၊ နောက်တော့မှ ကိုယ့်ဝါသနာ ကိုယ်တွေ့ပြီး စီးပွါးရေးလုပ်ဖြစ်တာတို့၊ အနုပညာလိုင်းကို ကူးပြောင်းကုန်တာတို့ ဖြစ်ကုန်တာပေါ့။


နောက်တစ်ခုက ကိုယ့်ဝါသနာ ကိုယ်သိပေမယ့် လက်တွေ့အကောင်အထည်ဖော်ဖို့ကျတော့လည်း ပြဿနာရှိပြန်ပါတယ်။ ဥပမာ ဘောလုံးကန်ရတာ ၀ါသနာပါတယ် ဆိုပါတော့။ သူများတိုင်းပြည်တွေဆို ဒါကို ပရော်ဖက်ရှင် အဖြစ် ရွေးချယ်ပြီး ကြိုးစားလိုက်လို့ ရပေမယ့် ကျွန်တော်တို့ဆီမှာ အဲ့လောက် မလွယ်ပါဘူး။ နိုင်ငံက ဖွံ့ဖြိုးမှု နောက်ကျနေတဲ့အခါ လူငယ်တွေအတွက် ရွေးချယ်စရာ ပရော်ဖက်ရှင်အလုပ်က အင်မတန်မှ နည်းပါတယ်။


ဒီတော့ ကျွန်တော်တို့ လူငယ်တွေ ဘာလုပ်ကြမလဲ။


ဆရာတို့က ဖြေပါတယ်။ ခြင်္သေ့စိတ်ဓါတ် မွေးပါတဲ့။


မြန်မာနိုင်ငံက ဆရာဝန်တစ်ယောက်အနေနဲ့ ယူလို့ရတဲ့ဘွဲ့ အကုန်လုံးကို ရထားပြီးပြီဖြစ်တဲ့ ဆရာရဲမြင့်ကျော် (လကာင်္ရည်ကျော်)ဟာ ဆရာဝန်အလုပ်ကို ၀ါသနာမပါခဲ့ဘူးလို့ ပြောရင် အံ့သြသွားကြမယ်ထင်ပါတယ်။ ကျွန်တော်တို့လည်း ကြားကြားချင်းမှာ အံ့သြခဲ့ရတယ်။

ဟုတ်ပါတယ်။ ဆရာဟာ ဆေးတက္ကသိုလ်ကို မိသားစုထဲမှာ ဆရာဝန်မရှိသေးဘူး ဆိုပြီး အိမ်က တက်ခိုင်းလို့ တက်ခဲ့ရတာပါ၊ တကယ်ဖြစ်ချင်ခဲ့တာက စာရေးဆရာပါတဲ့။


ဒါဖြင့် ၀ါသနာမပါတဲ့အလုပ်မှာ ဘာဖြစ်လို့ ဒီလိုထူးချွန်နေသလဲ ဆိုတော့ ငါ ဒီကျောင်းကို တက်ရတော့မယ်၊ ဒီအလုပ်လုပ်ရတော့မယ်ဆိုမှတော့ တခုခုထွန်းပေါက်အောင် လုပ်ရမယ်ဆိုပြီး ကြိုးစားခဲ့တာပါတဲ့။ ဒေါက်တာ လို့ နာမည်တပ်ပြီးမှတော့ ဆေးမကုတတ်ရင် သူများကို သတ်သလို ဖြစ်တော့မယ် ဆိုတဲ့စိတ်နဲ့ ကြိုးစားလိုက်တာ ခုလိုဖြစ်လာတဲ့အထိပဲ။


ဆရာတော်အရှင်ဆန္ဒာဓိက ဟောဖူးတာလေးကို သွားသတိရပါတယ်။ ဆရာတော်ဟာ ဆယ်တန်းတုန်းက ဘာသာစုံဂုဏ်ထူးထွက်ပါတယ်။ အဲဒီအချိန်မှာကတည်းက ဆယ်တန်းအောင်ပြီးရင် သာသနာ့ဘောင် အပြီးအပိုင်ဝင်တော့မယ်လို့ ဆုံးဖြတ်ပြီးသားပါ။ ဒီအကြောင်းကို ကြားရတော့ ဒကာတစ်ယောက်က အံ့သြတစ်ကြီး လျှောက်တယ်။ ဒါနဲ့တောင် ဆရာတော်က ဘာသာစုံဂုဏ်ထူးထွက်တဲ့အထိ ကြိုးစားခဲ့ရသလား ဆိုတော့ ဆရာတော်က ပြန်ဖြေပါတယ်။ "ဘာပဲလုပ်လုပ် အကောင်းဆုံးဖြစ်အောင် လုပ်ချင်တဲ့စိတ်ကြောင့်ပါ" တဲ့။


အဲဒီဆယ်တန်းအမှတ်က ဆရာတော့်အတွက် ဘာမှအသုံးမ၀င်ခဲ့ပါဘူး။ အမှတ်တမဲ့ကြည့်ရင် အလဟဿပေါ့။ ဒါပေမယ့် အဲဒီအချိန်ကတည်းက အမြစ်တွယ်ခဲ့တဲ့ 'ဘာပဲလုပ်လုပ် အကောင်းဆုံးဖြစ်အောင် လုပ်မယ်'ဆိုတဲ့ စိတ်ကတော့ ခုလို သံဃာတော်တစ်ပါး ဖြစ်လာတဲ့အခါမှာလည်း လိုက်ပြီး အကျိုးပြုနေတုန်းပါပဲ၊၊


ခြင်္သေ့တွေဟာ သားကောင်ကို လိုက်တဲ့အခါ ကြီးတဲ့အကောင်ဖြစ်စေ၊ ငယ်တဲ့အကောင်ဖြစ်စေ တူညီတဲ့လုံ့လ၀ီရိယကို စိုက်ထုတ်တတ်ပါတယ်။ ဒါကြောင့် ကိုယ်ဝါသနာမပါတဲ့အလုပ်ကို လုပ်နေရတဲ့ လူငယ်တွေအနေနဲ့လည်း ဟိုအပြစ်တင်၊ ဒီအပြစ်တင် လုပ်မနေပါနဲ့။ ၀ါသနာပါတဲ့အလုပ်ကိုဖြစ်စေ၊ မပါတဲ့အလုပ်ကိုဖြစ်စေ၊ အကောင်းဆုံးဖြစ်အောင် လုပ်မယ် ဆိုတဲ့ ခြင်္သေ့စိတ်ဓါတ်မျိုး ထားလိုက်ပါ။ တူညီတဲ့ အကျိုးရလဒ်တစ်ခု ပြန်ရပါလိမ့်မယ်။


ဒီလိုပြောလိုက်လို့ ၀ါသနာကို စွန့်လွှတ်လိုက်ရမှာလား ဆိုတော့ မဟုတ်ပါဘူး။ ဆေးကျောင်းတက်၊ ဆရာဝန်လုပ်ခဲ့ပေမယ့် စာရေးဆရာဖြစ်ချင်တယ် ဆိုတဲ့ အိပ်မက်ကို ဆရာဟာ ဘယ်တုန်းကမှ မစွန့်လွှတ်ခဲ့ပါဘူး။ တစ်ခုပဲ၊ အချိန်လေးနောက်ဆုတ်လိုက်တာပါပဲ။


အဲဒီအချိန်က မရေရာခဲ့တဲ့ စာရေးဆရာဖြစ်ရေး ဆိုတာထက် ပိုသေချာတဲ့ ဆရာဝန်ဘ၀ကို အရင်လျှောက်လှမ်းတယ်၊ ပြီးတော့မှ အဲဒီဘ၀အပေါ် အခြေခံတဲ့ဝတ္ထုတွေရေးတယ်။ အဲဒီကနေတစ်ဆင့် ခုလိုနိုင်ငံကျော်စာရေးဆရာတစ်ယောက် ဖြစ်လာခဲ့တယ်။


ဆရာကပြောပါတယ်၊ Plan B ဆိုတာ လက်မြှောက်အရှုံးပေးလိုက်တာ မဟုတ်ပါဘူး၊ ဒီလမ်းက ပိတ်နေလို့ တခြားတစ်ဖက်က ပတ်သွားလိုက်တာပါ တဲ့။ အချိန်တော့ ကြာကောင်းကြာမယ်၊ ဒါပေမယ့် တစ်နေ့တော့ ရောက်မှာပါပဲ တဲ့။


တကယ်တော့ ဘ၀ဆိုတာ စာမေးပွဲတစ်ခုဆိုရင် အဲဒီစာမေးပွဲမှာ ကျွန်တော်တို့ဟာ ကိုယ့်ကိုပေးလာတဲ့ပုစ္ဆာကိုပဲ ဖြေဆိုကြရပါတယ်။ သူများမေးခွန်း သွားဖြေချင်လို့ မရပါဘူး။ လက်တွေ့ဘ၀မှာ တချို့လူတွေအတွက် မိဘပံ့ပိုးမှုဆိုတာ အဆင်သင့်ဖြစ်နေပေမယ့် ကိုယ်ကတော့ မိဘကို ပြန်ထောက်ပံ့နေရတာမျိုးတွေ ရှိနိုင်တယ်။ ဒါကို သူများလို မဖြစ်ရကောင်းလားဆိုပြီး ညည်းတွားနေလို့ မရပါဘူး။ ဘာမှလည်း ထူးလာမှာ မဟုတ်ဘူး။


တစ်ခါတစ်လေမှာ လက်တွေ့ကျတာကို ကိုယ့်ဆန္ဒထက် ဦးစားပေးရတာမျိုးတွေ ရှိပါတယ်။ ဒီအတွက် စိတ်ဓါတ်မကျပါနဲ့။ ကိုယ့်အိပ်မက်ကိုလည်း မစွန့်လွှတ်လိုက်ပါနဲ့။ လတ်တလောမှာ ဒီလမ်းက ဘယ်လိုမှလျှောက်မရတာမို့ တခြားတစ်လမ်းက ပတ်သွားရတာသာ ဖြစ်ပါတယ်။ အဲဒီနေရာကို မရောက်ရောက်အောင် သွားမယ်ဆိုတဲ့စိတ်နဲ့သာ ကြိုးစားရင် တကယ်ဖြစ်လာနိုင်ပါတယ်။


ဒါကြောင့် ကိုယ့်ဝါသနာကို မသိသေးတဲ့သူပဲဖြစ်ဖြစ်၊ သိရက်နဲ့ လက်တွေ့မလုပ်နိုင်သေးတဲ့သူပဲဖြစ်ဖြစ် လက်ရှိလုပ်နေတဲ့အလုပ်မှာ အကောင်းဆုံးဖြစ်အောင် လုပ်ပါ။

အဲဒီခြင်္သေ့စိတ်ဓါတ်က ကိုယ့်အိပ်မက်တွေဆီ သွားမယ့် ဒုတိယလမ်း Plan-B ကို ပိုပြီး အဆင်ပြေချောမွေ့စေပါလိမ့်မယ်။


ရေးသားသူ - ဒေါက်တာ ဖြိုးသီဟ



၂၂.၂.၂၀၁၇

Comments

Popular posts from this blog

ထူးခြားလှတဲ့ တန်ခူးလနှင့် အတာကူးတဲ့ သင်္ကြန် (credit- original writer)

ခရီးဖော် (မောင်မိုးအိမ်)

မှတ်ချက် - မျှော်လင့်ခြင်းမဟုတ်ပါ (မိုင်မျိုးမျိုးဆန်း)