“လျှို့ဝှက်ချက်တွေကို ရင်ဖွင့်သင့်သလား” (ဒေါက်တာဖြိုးသီဟ)

“လျှို့ဝှက်ချက်တွေကို ရင်ဖွင့်သင့်သလား”





(၁)

ဆရာမင်းလူရေးတဲ့ သူငယ်ချင်းတစ်ယောက်အကြောင်း စာအုပ် ဖတ်ဖူးပါတယ်။ ငယ်ငယ်က မပြည့်မစုံ နေခဲ့ရပေမယ့် စီးပွါးရေးအကွက်မြင်၊ ပေါင်းတတ်သင်းတတ်၊ Street smart ဖြစ်ခဲ့လို့ တဖြည်းဖြည်း ချမ်းသာလာတဲ့ သူ့ငယ်သူငယ်ချင်းတစ်ယောက်ရဲ့ ဘ၀ဇာတ်ကြောင်းပါ။

တစ်ခါက သူတို့သူငယ်ချင်းတွေ ကျောင်းလစ်ပြီး ဘောလုံးပွဲသွားကြည့်ကြပါတယ်။ အဲဒီမှာ ကျောင်းက ဆရာတစ်ယောက်နဲ့ ဘောလုံးကွင်းထဲမှာတွေ့ပါလေရော။ တွေ့တော့ သူက လန့်သွားတာပေါ့။ ဒါပေမယ့် သူ့သူငယ်ချင်းက ခပ်အေးအေးပဲ ပြောတယ်။ မကြောက်ပါနဲ့၊ ဆရာတောင် ဘောလုံးပွဲလာကြည့်နေမှတော့ ငါတို့ကို သူဘယ်လိုတိုင်မလဲ တဲ့။

တစ်ဖက်သားရဲ့ အားနည်းချက်ကို ကိုင်ထားတတ်တဲ့ သူ့အကျင့်စရိုက်ကို ဒီငယ်ဘ၀အဖြစ်အပျက်လေးကတစ်ဆင့် ဆရာမင်းလူက ပုံဖော်ထားပါတယ်။

(၂)


စိတ်ဖိစီးမှုတွေကို ကလေးဘ၀က ကျက်ရတဲ့ ရူပဗေဒဖော်မြူလာလေးနဲ့ ဖြေဖျောက်ကြည့်ပါ ဆိုတဲ့ ဆောင်းပါးလေးတစ်ပုဒ် ဖတ်ဖူးတယ်။

Pressure (Stress) = Force / Area

ဖိအားဆိုတာ သက်ရောက်မှုကို တည်၊ သက်ရောက်တဲ့ ဧရိယာနဲ့ စား။
စဉ်းစားကြည့်၊ ကိုယ့်ဆီရောက်လာတဲ့ စိတ်ဒုက္ခက ၁၀၀ ဆိုပါတော့၊ ကိုယ်တစ်ယောက်တည်းမှာပဲ သက်ရောက်နေမယ်ဆိုရင် ၁၀၀ အစား ၁ မို့ ကိုယ့်ရဲ့ စိတ်ဖိစီးမှု၊ စိတ်ဖိအားက ၁၀၀ ပဲ ဖြစ်နေမယ်။
တကယ်လို့ ကိုယ်တစ်ယောက်တည်းမဟုတ်ဘဲ (၅)ယောက်လောက် မျှခံစားလိုက်မယ်ဆိုရင်တော့ ကိုယ့်ရဲ့စိတ်ဖိစီးမှုက ၁၀၀ အစား ၅ ဆိုတော့ ၂၀ ပဲကျန်တော့မယ် တဲ့။

ဒါကြောင့်မို့ စိတ်ဒုက္ခတွေနဲ့ ကြုံနေရရင် ယုံကြည်စိတ်ချရသူ တစ်ယောက်ကို ဖွင့်ပြောပါ သက်သာရာ ရလိမ့်မယ် တဲ့။

(၃)

အတိအကျမမှတ်မိတော့လို့ ဇာတ်လမ်းသဘောလေးပဲ ပြောပါရစေ။
မဟော်သဓာဇာတ်တော်ထဲက အဖြစ်အပျက်တစ်ခုပါ။ သူ့ကို အကောက်ကြံဖို့ အမြဲကြိုးစားနေတဲ့ အမတ်ကြီးတွေက တစ်ရက်တော့မေးတယ်။ ကိုယ့်ရဲ့ လျှို့ဝှက်ချက်ကို ဘယ်သူ့ကို ပြောပြသင့်လဲ ဆိုတော့ မဟော်သဓာက ဖြေတယ်၊ ဘယ်သူ့မှ ပြောမပြသင့်ဘူး တဲ့။ ဒီမှာတင် အမတ်တွေလည်း အကွက်ရသွားပြီး ဘုရင်ကိုသွားလျှောက်၊ အရှင်မင်းကြီး မဟော်သဓာမှာတော့ လျှို့ဝှက်ကြံစည်ထားတာတွေ ရှိနေပြီ စသဖြင့်ပြော၊ ထုံးစံအတိုင်း ဘုရင်က မယုံဘူး။ ဒီအခါမှာ နောက်နေ့ ညီလာခံကျ မေးကြည့်ပါလို့ ပြောတော့ ဘုရင်ကမေးရော။ မေးတော့ မဟော်သဓါကလည်း သူယုံကြည်တဲ့အတိုင်းပဲ ဖြေတယ်။ အဲဒီမှာတင် ဘုရင်က သိပ်သဘောမကျတော့ဘူး ဖြစ်သွားတယ်။ ဒါကို မဟော်သဓာကလည်း ရိပ်မိတယ်။
ညကျတော့ အမတ်မင်း(၄)ယောက် သီးသန့်ဆုံကြမယ့်နေရာမှာ မဟော်သဓာက အရင် တိတ်တိတ်လေး နေရာယူပြီး သွားနားထောင်တယ်။ အမတ်မင်းတွေလည်း မဟော်သဓာကို ဘုရင်က အထင်လွဲသွားတော့ အောင်မြင်ပြီဆိုပြီး ၀မ်းသာအားရနဲ့ သူတို့ငယ်ငယ်က အတွင်းရေးတွေကို ပြောကြပါလေရော။ အမှုဖြစ်ဖူးတဲ့သူ၊ ရောဂါရှိတဲ့သူ စသဖြင့် ပေါ်လာတာပေါ့။
နောက်နေ့ ညီလာခံလည်းကျရော မဟော်သဓါက အဲဒီအကြောင်းတွေ ထုတ်ဖော်ပြောပြီး ဘုရင်ကို ပြန်လျှောက်တော့ အမတ်တွေလည်း အရှက်ကွဲ၊ ဘုရင်လည်း သူ့အဆိုကို လက်ခံသွားပါတော့တယ်။

(၄)
လူဆိုတာက အဖော်မင်တတ်တယ်၊ ကိုယ့်ရင်ထဲ ပြည့်ကြပ်လာတဲ့အခါ ရင်ဖွင့်ချင်တယ်၊ ကြံရာမရ ဖြစ်လာတဲ့အခါ အကြံဉာဏ်တောင်းချင်တယ်။
"မိတ်ဆွေကောင်းဆိုတာ ကိုယ့်အပေါ် နားလည်ပေးတဲ့သူ၊ စာနာနားလည်ပေးတဲ့သူ၊ ကိုယ်ငိုရင် လိုက်ဝမ်းနည်းပေးပြီး ကိုယ်ဝမ်းသာနေရင် လိုက်ပျော်ပေးတဲ့သူ"" စသဖြင့် ပြောတတ်ကြပေမဲ့ တကယ့်လက်တွေ့မှာတော့ ဒီလောက်မရိုးစင်းပါဘူး။
ဘယ်သူက မိတ်ဆွေ၊ ဘယ်သူက ရန်သူ ခွဲခြားရခက်သလို၊ ဒီနေ့ မိတ်ဆွေဖြစ်နေသူက မနက်ဖြန်မှာ ရန်သူလဲဖြစ်သွားနိုင်ပါတယ်။

ဒီနေ့ ချစ်သူက မနက်ဖြန်ကျ ကိုယ့်အားနည်းချက်ကို ခြိမ်းခြောက်အကြပ်ကိုင်သူ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့်မို့ ကိုယ့်အကြောင်းတွေ၊ ကိုယ့်လျှို့ဝှက်ချက်တွေ ရင်ဖွင့်ပြောပြထားခြင်းက တစ်ဖက်ကို ကိုယ့်အပေါ် အနိုင်ယူခွင့်၊ ကိုယ့်အားနည်းချက်ကို ချုပ်ကိုင်ပိုင်ခွင့် ပေးလိုက်တာနဲ့ အတူတူပါပဲ။
ရှုပ်ထွေးတဲ့လောကမှာ ရိုးတဲ့သူ၊ အတဲ့သူဟာ ခံရစမြဲပါ။ တစ်ယောက်လောက်က ကိုယ့်ရိုးအမှုကို ချီးကျူးနေချိန်မှာ လူ(၁၀)ယောက်လောက်က အမြတ်ထုတ်ဖို့ ကြိုးစားနေကြတယ်။ အသက်တွေကြီးလာတဲ့အမျှ အရောင်အသွေးတွေ စုံလင်လာတဲ့ လူမှုဆက်ဆံရေးနယ်ပယ်မှာ သတိကြီးကြီးထားဖို့ လိုလာပါတယ်။
ပညာရှိတစ်ယောက်ကတော့ ပြောဖူးပါတယ်
လူဟာ ကိုယ့်အကြောင်းကို ပြောတိုင်းမှာ ရှုံးတယ်၊ ကိုယ့်မကောင်းကြောင်းတွေကို ပြောတဲ့အခါ တစ်ဖက်လူက "သြော်.. သူကိုယ်တိုင် ပြောတာပဲလေ" ဆိုပြီး အကြွင်းမဲ့ယုံကြည်သွားတတ်ပေမဲ့ ကောင်းကြောင်းတွေကို ပြောတဲ့အခါကျတော့ မယုံတဲ့အပြင် ကိုယ့်ဂုဏ်ကိုယ်ဖော်နေတယ် ဆိုပြီးတောင် အထင်အမြင်သေးသွားတတ်ပါသေးတယ် တဲ့။
(၅)
လောကကြီးဟာ ငယ်ငယ်က တွေးထင်ခဲ့သလို မရိုးရှင်းပါဘူး။ ကိုယ်က သူများအားနည်းချက်ကို ချမနင်းချင်ဘူးဆိုတိုင်း ကိုယ့်လိုပဲ လူတိုင်းကို မထင်ပါနဲ့။ အဲ့လိုချနင်းသွားမယ့်လူတွေက ကိုယ့်ပတ်ဝန်းကျင်မှာ အများကြီး ရှိနေနိုင်ပါတယ်။ ဒီခေတ်ဟာ အပြိုင်အဆိုင်လည်း များလာတယ်ဆိုတာ သတိရပါ။ ဒါကြောင့်မို့ ကိုယ်က ချမနင်းလည်း အနင်းမခံရအောင်တော့ ကြိုးစားဖို့လိုပါတယ်။

စာရေးဆရာကြီး မာ့ခ်တွိန်းပြောသလို
လူသားတိုင်းဟာ အမှောင်ဖက်တစ်ခြမ်းစီရှိတဲ့ လတစ်စင်းစီပါပဲ၊၊

အကြွင်းမဲ့မဟုတ်တောင် ရာခိုင်နှုန်းတော်တော်များများ လက်ခံပါတယ်။ ကျွန်တော်တို့အားလုံးမှာ လူမသိစေချင်တဲ့ အမှောင်ဖက်ခြမ်းဆိုတာ ရှိကြတာချည်းပါပဲ။
ကလေးတွေကတော့ သူတို့ခံစားချက်တွေ၊ သူတို့အကြောင်းတွေကို တွေ့တဲ့လူတိုင်းကို ပြောပြကြလိမ့်မယ်။
ရင့်ကျက်သွားတဲ့သူတွေကတော့ သူတို့ယုံကြည်ရတဲ့သူတွေကိုပဲ ပြောပြတယ်။
တကယ့်ဂန္တ၀င်တွေကတော့ သူတို့အကြောင်း၊ သူတို့လျှို့ဝှက်ချက်တွေကို ဘယ်သူ့ကိုမှ မပြောဘဲနေနိုင်အောင်၊ ဘယ်သူ့ရဲ့ လွှမ်းမိုးမှု၊ ဘယ်သူ့ပါဝါအောက်မှ ရောက်မသွားအောင် ကြိုးစားကြတယ်။ 


ဒေါက်တာ ဖြိုးသီဟ
၁၇.၈.၂၀၁၇

Comments

Popular posts from this blog

ထူးခြားလှတဲ့ တန်ခူးလနှင့် အတာကူးတဲ့ သင်္ကြန် (credit- original writer)

ခရီးဖော် (မောင်မိုးအိမ်)

မှတ်ချက် - မျှော်လင့်ခြင်းမဟုတ်ပါ (မိုင်မျိုးမျိုးဆန်း)