ရင်ခတ်တေး (မိုင်မျိုးမျိုးဆန်း)

ရင်ခတ်တေး
(၁)
"ဘယ်တုန်းက ချစ်ခဲ့ဖူးလို့လဲ" တဲ့လား
အေးလေ . .
ကိုယ့်လက်ဖမိုးနဲ့ သုတ်ပစ်ခဲ့တဲ့ မျက်ရည်တွေက
သူ့ပုခုံးပေါ်မှာမှ မစိုစွတ်ဖူးတာပဲ . .
ခေါင်းအုံးလေးပေါ်က ကိုယ့်ရဲ့အိပ်ရေးပျက်အလွမ်းညတွေကို
သူ့အိပ်မက်ထဲမှာတောင်မှ မရိပ်မိစေခဲ့တာပဲ . .
လက်ညိုးလေးနဲ့ရွယ်ခဲ့ဖူးတဲ့ နံပါတ်လေးဟာ
သူ့ဖုန်းထဲမှာ missed call အဖြစ်နဲ့တောင်မှ
ရောက်မသွားခဲ့ဖူးတာပဲ . . .
လွမ်းတိုင်းရေးဖြစ်တဲ့ ကဗျာတွေကို
ယောင်လို့တောင်မှ သူမမြင်ဖူးတာပဲကွယ် . .
(၂)
အိပ်မက်တွေ မက်တယ်
နိုးလာတိုင်း ရင်နာရတယ် . .
လက်တွေ့မှာတော့
သူရှိရာအရောက်သွားချင်တဲ့ ခြေလှမ်းတိုင်းက ထုံကျင်နေပြီး
ကိုယ်ရှိရာအရပ်ကိုကမ်းပေးချင်တဲ့ လက်ကလေးတွေ ရပ်တန့်နေတယ် . .
ခပ်ဟဟ လှောင်ရယ်သံတွေကို
ဆိတ်ငြိမ်ရင်း နားထောင်ရုံသက်သက် နားထောင်မိခဲ့တယ် . .
သတ္တိတွေမဲ့နေခဲ့တာကိုတော့
တစ်နေ့နေ့မှာ ဝန်ခံရင်း တောင်းပန်ရပါဦးမယ် . .
(၃)
အရေးမကြီးပါဘူး . .
morning လို့ နှုတ်ဆက်သံမကြားရတော့ပေမယ့်
တစ်ရက်ပြီးတစ်ရက် နေထွက်နေဆဲပဲ . .
good night လို့ နှုတ်မဆက်တော့ပေမယ့်
တစ်ညပြီး တစ်ည ကုန်လွန်နေဆဲပဲ . .
သူကိုယ့်ကို မလွမ်းတော့ဘူးဆိုတောင်
ကိုယ်ကတော့ လွမ်းနေဆဲ လွမ်းနေမြဲပါပဲကွယ် . .
သူမချစ်တော့ဘူးဆိုရင်တောင်
ကိုယ့်အချစ်တွေကတော့ သူ့အလိုလို လည်ပတ်နေတုန်းပါပဲ . . .
(၄)
သူ့အသံမကြားရတာ တစ်ရက်. .
သူ့အသံမကြားရတာ နှစ်ရက် . . .
သူ့အသံ မကြားရတာ သုံးရက် . . . .
မခေါ်တော့ဘူးလို့ ပြောခဲ့တာကို
သူက နှလုံးသားနဲ့ မတွေးခဲ့လိုက်မိဘူး ထင်ပါရဲ့ . . .
ထားပါတော့လေ . .
သူ့ အသံမကြားရတာ လေး ငါး ရက် . . .
(၅)
အနားမှာ ရှိရင် ပျော်တယ် . .
ဝေးသွားမယ်ဆိုလဲ ပိုပျော်ရမှာပါပဲ . .
တစ်ရက်စောပြီးဝေးတော့
တစ်ရက်ပိုစောပြီး လွမ်းရရုံပါပဲ . .
သူက အစကတည်းက
ငေးရုံပဲ ငေးကြည့်သင့်ခဲ့တဲ့ ကောင်းကင်တစ်ခု . . .
ချစ်မိတဲ့ အမှုမှာ
ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်တင်ချင်စိတ်ရှိခဲ့တယ် . .
(၆)
" ဘယ်တုန်းက ချစ်ခဲ့ဖူးလို့လဲ " ဟုတ်လား . .
လက်ကိုတင်းတင်းဆွဲထားမှ အချစ်မဟုတ်ဘူး . . .
မထားခဲ့ပါနဲ့ အော်ဟစ်နေမှ အချစ်မဟုတ်ဘူး . . .
ချစ်တယ် ချစ်တယ် တစ်ဖွဖွ ပြောနေမှ အချစ်မဟုတ်ဘူး . .
(၇)
နင်သိလား . .
ဘဝထဲကို ဝင်လာတိုင်း အပြုံးမပျက်ဆီးကြိုခဲ့တာလဲ အချစ်ပဲ . .
ထားခဲ့တိုင်း ငြိမ်သက်စွာနေခဲ့တာလဲ အချစ်ပဲ . . .
ပုခုံးစွန်းလေးခေါင်းမှီနေရရုံကျေနပ်နေခဲ့တာလဲ အချစ်ပဲ . .
မချစ်ဘူးလို့ စွပ်စွဲခံရတိုင်း
တိတ်တိတ်လေး ကြေကွဲရတာလဲ အချစ်ပါပဲကွယ် . .
မိုင်မျိုးမျိုးဆန်း
Comments
Post a Comment