ထူးခြားလှတဲ့ တန်ခူးလနှင့် အတာကူးတဲ့ သင်္ကြန် (credit- original writer)


ထူးခြားလှတဲ့ တန်ခူးလနှင့် အတာကူးတဲ့ သင်္ကြန်


မြန်မာ့ရိုးရာသင်္ကြန်ဆိုတာကတော့ ရှေးအစဉ်အဆက်ကတည်းက ရိုးရာမပျက်ကျင်းပခဲ့ကြတာ ပုဂံခေတ်ကစလို့ နှစ်ထောင်ချီနေပါပြီ။ ခေတ်တွေပြောင်းနေကြလို့ တချို့တလေကတော့ ရိုးရာယဉ်ကျေးမှုကို
ကျော်လွန်ပြီး သရုပ်ပျက်တာတွေရှိခဲ့ကြပေမယ့် မြန်မာနိုင်ငံသား အများစုကတော့ ရိုးရာအစဉ်အလာ ယဉ်ကျေးမှုကိုထိန်းသိမ်းပြီး ခေတ်နဲ့အညီ ရိုးရာသင်္ကြန်ပွဲကို ဆင်နွှဲနေကြတာ နှစ်စဉ်အမြဲတွေ့နေကြမြဲပါ။

မြန်မာပြက္ခဒိန်နှစ်တစ်နှစ်ရဲ့ ကုန်ဆုံးရက်တို့ရောက်ပြီး နှစ်သစ်ကူးတော့မည်။ မြန်မာ့ရိုးရာ ၁၂လရာသီပြက္ခဒိန်ရဲ့ ကုန်ဆုံးလက တပေါင်းလဖြစ်ပြီး နှစ်စလကတော့ တန်ခူးလဖြစ် ပါတယ်။ တန်ခူးလကို ရှေးတုန်းကတော့တန်းခူးလလို့ခေါ် တတ်ကြပြီး အချို့သောပျို့ကဗျာတို့မှာတော့ တာကူးလလို့ လည်း ရေးတတ်ကြပါတယ်။ ဝေါဟာရလိနတ္တိဒီပနီကျမ်း မှာတော့ မိန်ရာသီမှ မိဿရာသီသို့ တနင်္ဂနွေဂြိုဟ် ကူးပြောင်း သည်ကိုအစွဲပြုပြီး ရေးသားတယ်လို့ဆိုထားပါတယ်။ ဒါကြောင့် တာကူးမှ တန်ခူးသို့ ရွေ့လျားခေါ်ဝေါ်သုံးစွဲကြတယ်လို့ပြော ကြပါတယ်။

ဆရာကြီး ဦးဖိုးလတ်ကတော့ တာကူးဟူသော အသုံးအနှုန်းနဲ့ တန်ခူးဆိုတဲ့ အသုံးအနှုန်းက အဓိပ္ပာယ်တခြားစီဖြစ်ပြီး ‘တာ’ဆိုတာက အချိန်အခါ ရာသီဥတုနှစ်တို့ကို ပြောတယ်လို့ ဆိုပါတယ်။ ဒါကြောင့်တာကူးလဆိုတဲ့ ဝေါဟာရကတော့
နှစ်ကူးသောလလို့ ပြောတာဖြစ်တယ်လို့ဆိုပါတယ်။ တန်ခူး ဆိုတဲ့ဝေါဟာရက တန်(သို့)တန်းဆိုတာက ပါဠိအနက်အရ ထန်းပင်ကိုဆိုလိုတာဖြစ်ပြီး ခူးဆိုတာကတော့ ခူးဆွတ်တယ်လို့ အဓိပ္ပာယ်ဖွင့်ဆိုကာ တန်းခူးလကို ထန်းခူးသောလလို့ အဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်။

‘ရာသီမိဿ၊ တန်ခူးလ၀ယ်၊ စိတြကြယ်၊ ရောင်နီကယ်လျက်၊ မိုးလယ်စံပျော်၊ ထွန်းလာပေါ်က၊ ကံ့ကော်ရင်ခတ်
ပင်လုံးညွတ်၍၊ ပွင့်ဝတ်ဖူးငုံ၊လွမ်းပွဲပုံရှင့်’လို့ စာဆိုတော်ပြည် န၀ဒေးကြီးက ၁၂ လရာသီဘွဲ့ရတုမှာရေးသားခဲ့သလို တန်ခူး လရဲ့ရာသီက မိဿရာသီဖြစ်ပြီး နက္ခတ်က စိတြနက္ခတ်နှင့် ယှဉ်ပါတယ်။ ရာသီအရုပ်ကတော့ ဆိတ်ထီးသိုးထီးရုပ်ဖြစ် ပါတယ်။ တစ်နှစ်တာလုံးအတွင်းမှာ နေ့တာနဲ့ညတာရှည်လျား မှုအညီအမျှဆုံးလဖြစ်ပါတယ်။ ရာသီပန်းတွေဖြစ်တဲ့ ကံ့ကော် ပန်း၊ ရင်ခတ်ပန်းနဲ့ ပိတောက်ပန်းတို့ ပွင့်ကြပါတယ်။

တန်ခူးလက နှစ်ရဲ့အစ၊ နှစ်ဦးလဖြစ်ပါတယ်။ မြန်မာ့ ၁၂ လရာသီပြက္ခဒိန်အရ မြန်မာတို့ရဲ့နှစ်သစ်က တန်ခူးလ မှအစပြုပါတယ်။ ဒါပေမဲ့ မြန်မာနှစ်ဆန်း ၁ ရက်နေ့ကတော့ အမြဲတမ်းတန်ခူးလအတွင်းမှာသာ ကျရောက်နေတတ်သည် မဟုတ်ပါ။ တစ်ခါတစ်ရံ ကဆုန်လအတွင်းမှာလည်း ကျရောက် တတ်ပါတယ်။ ဒါကြောင့်လည်း နှစ်သစ်မကူးမီ တန်ခူးလရဲ့ ရက်တို့ကို နှောင်းရက်၊ နှစ်သစ်ကူးပြီးမှ ကျန်တဲ့တန်ခူးလရဲ့ ရက်တို့ကို ဦးရက်လို့ ခေါ်ဝေါ်သတ်မှတ်ကြပါတယ်။

ထို့ကြောင့် နှောင်းတန်းခူး၊ ဦးတန်းခူးဆိုတဲ့ အခေါ် အဝေါ်ရက်များကလည်း တန်းခူးလကို ထူးခြားစေပါတယ်။ မြန်မာတန်ခူးလက အင်္ဂလိပ်ဧပြီလနှင့် တိုက်ဆိုင်လျက်ရှိပြီး မြန်မာနှစ်ဆန်း ၁ ရက်နေ့ကလည်း ဧပြီ ၁၃ ရက်မှ ၁၇ ရက် အတွင်းကျရောက်တတ်ပါတယ်။ ဒီနှစ်အတွက် မြန်မာနှစ်ဆန်း ၁ ရက်နေ့ဟာ ဧပြီ ၁၇ ရက်ဖြစ်ပြီး မြန်မာသက္ကရာဇ်အရ ၁၃၈၀ ပြည့်နှစ် ကဆုန်လဆန်း ၃ ရက်ဖြစ်ပါတယ်။ ဒါကြောင့် ဒီနှစ်ရဲ့ နှစ်ဆန်း ၁ ရက်နေ့ဟာ ကဆုန်လအတွင်း ကျရောက်နေပါ တယ်။

မြန်မာတို့ရဲ့ ၁၂ လရာသီမှာ လအလိုက်ကျင်းပတဲ့ ပွဲတော်တွေရှိပါတယ်။ ထိုပွဲတော်တွေအနက် နှစ်ဟောင်းကုန်လို့ နှစ်သစ်ကူးပြောင်းတဲ့ တန်ခူးလမှာကျင်းပတဲ့ သင်္ကြန်ပွဲတော် ကတော့ မြန်မာ့ရိုးရာပွဲတော်များအနက် အစည်ကားဆုံးနဲ့
အကြာရှည်ဆုံးပွဲတော်တစ်ခုဖြစ်ပါတယ်။ ထိုရိုးရာသင်္ကြန်ပွဲ တော်ကို တစ်နိုင်ငံလုံးပျော်ပျော်ရွှင်ရွှင် ဆင်နွှဲကြပါတယ်။ ယဉ်ကျေးမှုချင်း ဆက်စပ်လျက်ရှိနေကြတဲ့ ထိုင်းနိုင်ငံ၊ ကမ္ဘော ဒီယားနိုင်ငံနဲ့ လာအိုနိုင်ငံတို့မှာလည်း အလားတူကျင်းပကြ ပါတယ်။ မြန်မာနိုင်ငံမှာ အတာသင်္ကြန်ပွဲတော်ကို ကျင်းပ လာခဲ့တာဟာ သမိုင်းအထောက်အထားများအရ ပုဂံခေတ် ကတည်းကလို့ လေ့လာသိရှိရပါတယ်။ ပုဂံခေတ် နရသီဟ ပတေ့မင်းနဲ့ မိဖုရားစောလုံတို့ရဲ့ သင်္ကြန်ဇာတ်လမ်းကတော့ ကြေကွဲစရာအဖြစ်အပျက်တစ်ခုပါ။

သင်္ကြန်ဆိုတဲ့စကားကတော့ သင်္ကန္တလို့ခေါ်တဲ့ ပါဠိစကားကနေ ပြောင်းလဲလာခဲ့တာပါ။ မြန်မာလို ကူးပြောင်းခြင်းလို့ အဓိပ္ပာယ်ရပါတယ်။ ဗေဒင်ကျမ်းတွေအလိုအရတော့ ကမ္ဘာမြေကြီးက နေကိုဗဟိုပြု၍ မိဿရာသီမှစ၍ ပြိဿ၊ မေထုန်၊ ကရကဋ်၊ သိဟ်၊ ကန်၊ တူ၊ ဗြိစ္ဆာ၊ ဓနု၊ မကာရ၊ ကုမ်၊ မိန် စတဲ့ ၁၂ရာသီခွင်တို့ကို အစဉ်လိုက်ကူးပြောင်းလှည့်လည်ပြီး နောက် ၃၆၅ ရက် ၆ နာရီ ၁၂မိနစ် ၃၇ စက္ကန့်ပြည့်သောအခါ မိဿရာသီအစ သုညအင်္သာသို့ဝင်ရောက်ပါတယ်။ ထိုသို့ ၀င်စတဲ့အချိန်ကို သင်္ကြန်ကျသည်လို့သတ်မှတ်ပြီး သင်္ကြန် ပွဲတော်ကျင်းပကြပါတယ်။

မြန်မာတို့ရဲ့ နှစ်ကူးသင်္ကြန်ပွဲတော်အချိန်အခါမှာ မြန်မာတိုင်းရင်းသားတို့က အချင်းချင်းပျော်ရွှင်စွာ ရေပက်ဖျန်း ကစားကြပါတယ်။ တကယ်တော့ သင်္ကြန်ရေပက်ဖျန်းခြင်းဟာ လေးနက်တဲ့အဓိပ္ပာယ်တွေရှိပါတယ်။ ရေဟာ အေးမြတဲ့မေတ္တာ ဓာတ်အပြည့်ရှိတယ်လို့ယူဆပြီး နှစ်ကူးပြောင်းချိန်၊ ရာသီဥတု ပူအိုက်သောအချိန်မှာ မေတ္တာဓာတ်ပါသောရေဖြင့် အေးမြ ပါစေသော စေတနာတို့နှင့် တစ်ဦးကိုတစ်ဦး လောင်းပက်ကြပြီး မေတ္တာရေဖျန်းပက်ကြတဲ့ဓလေ့ဖြစ်ပါတယ်။ ‘ထုံသင်းနံ့သာ၊ ရေသီတာဝယ်၊ စမ္မာကရမက်၊ ပန်းပေါင်းဖက်၍’လို့ စာဆိုတို့ ရေးခဲ့ကြသလို ရှေးတုန်းကတော့ အမွှေးအကြိုင်၊ နံ့သာတို့ကို ဖလားတွင်ထည့်၍ သပြေခက်ဖြင့် တစ်ဦးနဲ့တစ်ဦး မေတ္တာရေ လောင်းခဲ့ကြပါတယ်။

ထို့အတူ အတာကူးတဲ့သင်္ကြန်ကာလမှာ ကိုယ်စိတ်နှလုံး သုံးပါးစင်ကြယ်ဖို့ လိုအပ်တယ်လို့ ယူဆကြပြီး ဦးခေါင်းကို ဆေးကြ၊ လျှော်ကြပါတယ်။ မြန်မာဘုရင်များလက်ထက်က တော့ ဘုရင်များကိုယ်တိုင်ဦးစီးပြီး ဦးခေါင်းဆေးမင်္ဂလာပွဲများကို ကြီးကျယ်ခမ်းနားစွာကျင်းပခဲ့ကြပါတယ်။ ထိုအစဉ်အလာကို ယခုတိုင် ဆက်လက်ပြုလုပ်နေကြပါသေးတယ်။ လူငယ်လူရွယ် တို့က သက်ကြီးအဘိုး၊ အဘွားတို့ကို တရော်၊ ကင်ပွန်းတို့ဖြင့် ဦးခေါင်းကို ဆေးလျှော်ပေးကြခြင်းဖြင့် ကုသိုလ်ယူနေကြသည် ကို မင်္ဂလာရှိစွာ တွေ့မြင်နေကြရပါတယ်။

ထို့ပြင် သင်္ကြန်ဆိုသည်မှာ ကူးပြောင်းခြင်းလို့ အဓိပ္ပာယ်ရှိပါတယ်။ တစ်နှစ်မှတစ်နှစ်သို့ ရွေ့လျားပြောင်းလဲ ခြင်းကို သတိရစေပြီး သင်္ခါရဓမ္မကို ဆင်ခြင်ကြသောသူများက ဥပုသ်သီလဆောက်တည်ကြခြင်း၊ တရားဘာဝနာအားထုတ် ကြခြင်း စသည်တို့ကို ပြုလုပ်ကြပြီး အချို့တွေကလည်း စတုဒိသာကုသိုလ်အလှူ ပြုလုပ်ကြပါတယ်။ တချို့တွေက ဇီဝိတဒါန ဘေးမဲ့လွှတ်ပြီး ကုသိုလ်ယူကြပါတယ်။ အချို့ချို့ သော သူများကလည်း ကုသိုလ်တရားပိုမိုရရှိစေရန်အတွက် ရဟန်းခံ၊ ရှင်ပြု၊ အလှူများကို သင်္ကြန်အခါမှာ လုပ်ဆောင်ကြ တာတွေဟာ ရှေးအခါမှ ယခုခေတ်တိုင်အောင် အစဉ်အဆက် ပြုလုပ်နေကြတာမို့လည်း ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်ဖွယ် မြင်တွေ့ကြရပါတယ်။

မြန်မာ့ရိုးရာသင်္ကြန်ဆိုတာကတော့ ရှေးအစဉ်အဆက် ကတည်းက ရိုးရာမပျက်ကျင်းပခဲ့ကြတာ ပုဂံခေတ်ကစလို့ နှစ်ထောင်ချီနေပါပြီ။ ခေတ်တွေပြောင်းနေကြလို့ တချို့ တလေကတော့ ရိုးရာယဉ်ကျေးမှုကိုကျော်လွန်ပြီး သရုပ်ပျက် တာတွေရှိခဲ့ကြပေမယ့် မြန်မာနိုင်ငံသားအများစုကတော့ ရိုးရာအစဉ်အလာယဉ်ကျေးမှုကို ထိန်းသိမ်းပြီး ခေတ်နဲ့အညီ ရိုးရာသင်္ကြန်ပွဲကို ဆင်နွှဲနေကြတာ နှစ်စဉ်အမြဲတွေ့နေကြမြဲပါ။
ဘယ်လိုပဲဖြစ်ပါစေ မြန်မာ့ရိုးရာသင်္ကြန်ကာလကို ရှေး အစဉ်အဆက်ကတည်းက လိုက်နာကျင့်သုံးခဲ့ကြတဲ့ သင်္ကြန် အတွင်းမှာရှောင်ကြဉ်ရာ (၁၀)စုတရားကို လိုက်နာကျင့်သုံးကြ စေချင်ပါတယ်။ အဲဒီတရား (၁၀)ပါးကတော့ –
(၁) ရုဒိတ = ငိုကြွေးခြင်း
(၂) မေထုနဉ္စ = မေထုံမှီဝဲခြင်း
(၃) မံသ = အသားဟင်းများစားသောက်ခြင်း
(၄) ရုက္ခစေ၀ဒ = သစ်ပင်ခုတ်ခြင်း
(၅) ကောဓ = အမျက်ထွက်ခြင်း၊ ရန်ဖြစ်ခြင်း
(၆) ရုဓိရ = သွေးထုတ်ခြင်း၊ သွေးဖောက်ခြင်း
(၇) တေလ = ဆေးဆီလိမ်းခြင်း
(၈) ဟိတ = ၀ယ်ယူစုဆောင်းခြင်း
(၉) ၀ိဣဏ = ရောင်းချခြင်း
(၁၀) သုရာ = မူးယစ်သောက်စားခြင်းတို့ ဖြစ်ပါတယ်။

ဒါမှလည်း ရိုးရာအစဉ်အလာတွေကို ထိန်းသိမ်းရာရောက်သလို အကုသိုလ်တရားများကို ရှောင်ကြဉ်ပြီး နှစ်သစ်ကို ကုသိုလ်တရားတွေနဲ့ ကြိုဆိုရာရောက်မှာဖြစ်ပါတယ်။
တကယ်တော့ နှစ်သစ်ကူးတဲ့အတာသင်္ကြန်အခါမှာ လူကြီး၊ လူငယ်မရွေး ပျော်ပျော်ရွှင်ရွှင်နဲ့ မေတ္တာရေတွေ ရွှဲစို အောင်လောင်းကြပြီး ပျော်နေတတ်ကြတဲ့ မြန်မာလူမျိုးတွေဟာ အလှူဒါနလုပ်ရာ ၀ါသနာပါကြပါတယ်၊ သီလကိုလည်းစောင့် ထိန်းကြပါတယ်။ ဘာဝနာကိုလည်း ပွားများကြပါတယ်။ ဒါကြောင့် ဆရာဇော်ဂျီရဲ့ တစ်ခုသောသင်္ကြန်အခါ ကဗျာထဲက စာတစ်ပိုဒ်ဖြစ်တဲ့-

နှစ်သစ်ကူးတဲ့ ၊တန်ခူးအခါမှာ
ဒါနကတဝေေ၀ ၊ ရေတွေကတရွှဲရွှဲ
ပျော်ပွဲကတ၀င့်ဝင့် ၊ကဲလို့သာဆင့်ရော့
အရွယ်သင့်အရွယ်ငယ်
မြန်မာတွေ ထယ်လိုက်ကြ

လို့ရေးခဲ့တာကို ခံစားပြီး မြန်မာလူမျိုးတွေရဲ့ ရိုးရာသင်္ကြန်ကို တွေ့ရမှာဖြစ်ပါတယ်ခင်ဗျာ။

Credit - original writer 

Comments

Popular posts from this blog

ခရီးဖော် (မောင်မိုးအိမ်)

မှတ်ချက် - မျှော်လင့်ခြင်းမဟုတ်ပါ (မိုင်မျိုးမျိုးဆန်း)