သို့ . .(မိုင်မျိုးမျိုးဆန်း)
သို့ . .
(၁)
အသိုက်အမြုံမတူတဲ့
ငှက်ကလေးနှစ်ကောင်လို
အိမ်ပြန်ချိန်တွေက သူစိမ်းဆန်လွန်းတယ်
အလွမ်းတွေကလဲ
အဖန်တစ်ရာတေနေပါပြီ အချစ်ရယ် . .
(၂)
ကိုယ်စိတ်ညစ်နေတဲ့အချိန် မျှဝေပေးရတာမင်းမဟုတ်သလို
မင်းစိတ်ညစ်နေတဲ့အချိန် မျှဝေယူခွင့်ရတာ
ကိုယ်မဟုတ်ပြန်ဘူး
တစ်ယောက်ရင်ခွင်ထဲ တစ်ယောက်ကိုသိမ်းလို့
တစ်ယောက်တစ်ကမ္ဘာစီခြားပြီး
အနာဂါတ်တစ်ခုစီဖြစ်နေရတာသိပ်မောတယ် . .
(၃)
မင်း ကိုယ့်ကို တကယ်ချစ်ရဲ့လား
ကိုယ်သေချာမသိဘူး . .
မင်းစိတ်ထဲမှာ ကိုယ်တစ်ကယ်ရှိနေရဲ့လား
ကိုယ်သေချာမသိဘူး . .
မင်းကိုယ့်ကို သတိရနေလေ့ရှိလား
ကိုယ်သေချာ မသိနိုင်ပြန်ဘူး . .
(၄)
ကိုယ်က
မသေချာ မရေရာခြင်းတွေကို သိပ်မုန်းတယ် အချစ်ရယ် . .
မသိခြင်းတွေကိုလဲ သိပ်မုန်းနေရတာပါပဲ
ဒါပေမယ့် တစ်ခါတစ်ခါကျ သေချာခြင်းတွေက
ပိုမုန်းဖို့ကောင်းနေတတ်တယ် . .
ဥပမာ . .
ကိုယ်သိပ်လွမ်းနေတဲ့အချိန်
မင်းဘယ်သူနဲ့ရှိနေမယ်ဆိုတာ သိပ်သေချာနေတဲ့အခါမျိုးမှာပေါ့ . .
ရင်ကွဲရတာပါပဲ . .
(၅)
ကိုယ်က
အချစ်အကြောင်းမပါတဲ့ စာလေးတစ်စောင်
မင်းဆီကို ရေးပို့ပေးချင်တယ် . .
ဟိုးရှေးရှေးတုန်းကလိုပေါ့ . .
ရနံ့သင်းသင်းလေးရတဲ့ စာရွက်ကလေးရှာဝယ်မယ်
သို့ . . လို့အစချီတဲ့ စာတွေရေးပြီး
စာအုပ်ကြားညှပ်ထားတဲ့ ပန်းခြောက်လေးတွေနဲ့ရောလို့
စာအိတ်လှလှလေးထဲ ထည့်ပေးလိုက်မယ် . .
စာအိတ်ပေါ်မှာ မင်းနာမည်လေးချရေးတဲ့အခါ
ကိုယ့်ရင်ခုန်သံတွေ ပိုမြန်ဆန်နေမှာပေါ့
စကားလုံးတစ်လုံးစီတိုင်းမှာ
မင်းအပြုံးတွေကို ဖန်တီးပေးခွင့်ရချင်တယ် . .
ပျော်ရတယ်ဆိုတာ
စိတ်ကူးသက်သက်ထဲမှာပါပဲ . . .
(၆)
လမရှိတဲ့ ညတွေမှာ
ကြယ်လေးတွေကို မေးကြည့်ချင်တယ် . .
အမေ့ခံဘဝမှာနေသားကျဖို့
အချိန်ဘယ်လောက်ကြာကြာ ဝမ်းနည်းရသလဲဆိုတာ. .
ကိုယ့်ရဲ့ကောင်းကင်က ကျယ်ပြန့်လွန်းတဲ့အခါ
အခြားကြယ်တွေကို အရှုံးပေးလို့
ကိုယ်က အလိုလိုမှေးမှိန်ပျောက်ကွယ်ပေးလိုက်ချင်တယ် . .
(၇)
မင်းရဲ့အတိတ်မှာ
ကိုယ်ရှိခွင့်မရခဲ့တာ ကိုယ်ဝမ်းနည်းရတယ်
မင်းရဲ့အနာဂါတ်မှာ
ကိုယ်ပါဝင်ခွင့်မရတော့မှာလဲ အသေအချာပါပဲ . .
အချစ်ရယ် . .
ကိုယ်က
ပစ္စုပ္ပန်တစ်ခုလောက်တော့ မင်းနဲ့အတူရှိနေချင်တယ် . .
(၈)
ဘဝတစ်ခုမှာ
မျှော်လင့်ချက် ဘယ်လောက်များများထားခွင့်ရှိသလဲ
ကိုယ်မသိဘူး . .
(၉)
သေချာတာ တစ်ခုတော့ရှိတယ် . .
(၁၀)
မင်းသတိရတဲ့အချိန်တိုင်း
ကိုယ်နဲ့ တိုက်ဆိုင်တယ် . . .
မိုင်မျိုးမျိုးဆန်း
Comments
Post a Comment