ရန်သူတွေကို အားနာတယ် မိဝေ (ထွဏ်းသွေးအိမ်)

ရန်သူတွေကို အားနာတယ် မိဝေ


မျက်စိမလည်ပါဘူး

မင်း အနားနေချင်လို့ 

လမ်းတွေမှားနေတဲ့ပုံစံနဲ့

ဘယ်မှမသွားဘဲ မန္တလေး နဲ့ မင်းကို

သိပ်ချစ်တာ မိဝေရ


ငါ့မှာ ငါးရာတန်တစ်ရွက်ထဲ ရှိတောင်

သုံးရာဖိုး မင်း ဘာစားစား

ငါ့မှာ အသက်ကယ် အင်္ကျီ တစ်ခုထဲ

ရှိနေရတောင် မင်း ပေးခဲ့မယ်

ပင်လယ်နဲ့အတူ ငါနေခဲ့မယ်


မေတ္တာသုတ် ပဲ ထပ်ရွတ် မိဝေ

ရန်သူတွေ 

သူ့ဟာသူ အမြင်မှန်ရလာ လိမ့်မယ်


အဆိုးမြင် ဝါဒ မရှိသူ မင်း အတွက်

ကမ္ဘာကြီးကလည်း

ငြိမ်းချမ်းသော မေတ္တာတရား ပဲ

ပြန်ပေးလိမ့်မယ် မိဝေ


လှေခါးထစ်လေးတွေကို 

ဖြည်းဖြည်း တက်ပါ 

သစ်ပင်လေးတွေ ရေလောင်းပါ

ခွေးလေးတွေကို အစာကျွေးပါ

အားမှ ကိုယ့်ကို သတိရပါ


တောတွေ တောင်တွေ 

လမ်းတွေကလည်း အမှန်တရားကို

သိတယ် မိဝေ

မင်းကို စောင့်ရှောက်ပါလိမ့်မယ်

စိမ်းနေတဲ့ မီးပွိုင့်တွေ ကို 

မင်း ဖြတ်မောင်းသွားရမှာ ပါ


တစ်နေ့

ဗီယက်နမ် မှာရှိတဲ့

ဘုရားသခင် လက်ထဲက တံတားပေါ်

မင်းလက်ကလေး ကိုင်ပြီး

အတူတူ တွဲလျောက်မယ်

ဒီ ကဗျာကို အကျယ်ကြီး ရွတ်ပြမယ်

ပုံလှလှလေးတွေ မင်းကိုရိုက်ပေးမယ်


ရန်သူတွေကို အားနာတယ် မိဝေ

ခုချိန်ထိ နောင်တ မရသေးလို့


ရန်သူတွေကို အားနာတယ် မိဝေ

သံချေးတက်နေတဲ့ ဓါးကြီး နဲ့

အဝေးကနေ လှမ်းလှမ်းထိုးနေလို့


ထွဏ်းသွေးအိမ်

Comments

Popular posts from this blog

ထူးခြားလှတဲ့ တန်ခူးလနှင့် အတာကူးတဲ့ သင်္ကြန် (credit- original writer)

လင်းမာအိုရေးတဲ့ကဗျာများ

ခရီးဖော် (မောင်မိုးအိမ်)