တစ်နေ့တော့(ထွဏ်းသွေးအိမ်)

တစ်နေ့တော့




တစ်နေ့တော့

မြူခိုးတွေပြည့်နေတဲ့ တောင်ကုန်းမို့မို့

တစ်ခုပေါ်မှာ

သစ်သားအိမ်လေး တစ်လုံးဆောက်မယ်

လေကလည်း တဝူးဝူးတိုက်နေတော့

မင်းအမြဲထည်လဲဝတ်ဖို့

မာဖလာလှလှလေးတွေ

ကြိုဝယ်ထားမယ်လေ



ကော်ဖီပူပူလေးလည်း ဖျော်တိုက်ပါ့မယ်

ရုပ်ရှင်ဇာတ်ကားတွေလည်း

ဘယ်ကားပြီးရင် ဘယ်ကားပြရမယ်

ဆိုတာလည်း ကြိုတွေးထားပါ့မယ်



ခြံထဲမှာ သီးပင်စားပင်လေးတွေ ကြို

ပျိုးထားမယ်

ဒန်းလေးတစ်ခုလုပ်ထားမယ်

မင်းကိုပဲထိုင်စီးခိုင်းပြီး

ကလေးလေး တစ်ယောက်လို

မင်းပေါ့ပါးလွတ်လပ် ပျော်ရွှင်နေတာကို

ကိုယ်ထိုင်ကြည့်နေပါ့မယ်



ကိုယ်က စာဖိုမှူးသင်တန်းအောင်ခဲ့ပြီးပြီ

နောက်ဖေး မီးဖိုချောင်လေးမှာ

မြန်မြန်ရတဲ့ yum yum ကနေ

မင်းစားချင်တဲ့ ဟင်းမှန်သမျှ မင်းကို

ချက်ကျွေးဖို့ အဆင့်သင့်ပဲ

မင်း ဘာဆို ဘာမှ မလုပ်ပါနဲ့

ကိုယ့်ကို ချစ်နေရင်ပဲ လုံလောက်ပါပြီ



ကဗျာအသစ်လေး ကိုယ်ရေးဖြစ်တဲ့အခါ

တောင်ကုန်းအစွန်လေးမှာ

ကိုယ်တို့ နှစ်ယောက် သွားထိုင်မယ်

အဲဒီကဗျာလေး မင်းကို ရွတ်ပြမယ်

အဲဒီကဗျာအပြင်

မင်း ထပ်နားထောင်မယ်ဆို

ကိုယ်အလွတ်ရနေတဲ့

ပိုင်စိုးဝေ နေမျိုး Kဇော် အဲဒီဆရာတွေရဲ့

ကဗျာတွေပါ အကျယ်ကြီး

အော်ရွတ်ပြမယ်



မင်း ဘာဆိုဘာမှ မလုပ်ပါနဲ့

ကိုယ့်ကို ချစ်နေတယ်ဆို ကိုယ်ပျော်ပါပြီ



စနေ ဒါမှမဟုတ် တနင်္ဂနွေ မှာ

မန်ယူကို အတူတူအားပေးမယ်လေ

အဲဒီလို ဘောပွဲရှိတဲ့နေ့မှာ

ရေနွေးကြမ်း ပူပူလေးရယ်

နမ့်ဆန် ဖက်ကမှာထားတဲ့ လ္ဘက်နု

စပ်စပ်လေးကို အကြော်ဆန်နဲ့ရောနယ်

ပြီး ဘေးမှာ ခရမ်းချဉ်သီးအဝိုင်းလေးတွေ

( နွှာပြီးသား ကြက်သွန်ဖြူ ) လေးတွေ

ခြံထဲက ဆွတ်ထားတဲ့ တအားစပ်တဲ့

ငြုပ်သီးစိမ်းတောင့်လေးတွေရော

မင်းဘေးနား ချထားပေးမယ်



တစ်နေ့တော့

မင်းမျက်ဝန်းနက်နက်ကြီးတွေထဲ

ခုန်ချမယ် ( ငါသေသေ)



တစ်နေ့တော့

မြင်နေရတဲ့ မြူခိုးတွေ ဖြစ်ပေါ်လာပုံနဲ့

မနာလိုသူတွေအကြောင်း ကိုယ်ရောပြီး

မင်းကို ရှင်းပြမယ်



တစ်နေ့တော့

သစ်သားအိမ်လေး ပြတင်းပေါက်ကနေ

ကိုယ်တို့ နှစ်ယောက်ကို လာလာရိုက်တဲ့

လေညင်းကိုလည်း ပြုံးပြမယ်



တစ်နေ့တော့

အလှဆုံး အငြိမ်းချမ်းဆုံးဆိုတဲ့ နေရာတွေကို မင်းနဲ့ အတူတူ သွားမယ်



တစ်နေ့တော့

အမြဲနွေးနေတဲ့ မင်းလက်ဖဝါးလေးကို

တင်းကျပ်စွာဆုပ်ကိုင်ပြီး

“ ငါကွ” လို့ အကျယ်ကြီး အော်ပါ့မယ်



တစ်နေ့တော့

တစ်နေ့တော့

တစ်နေ့တော့



ထွဏ်းသွေးအိမ်

Comments

Popular posts from this blog

ထူးခြားလှတဲ့ တန်ခူးလနှင့် အတာကူးတဲ့ သင်္ကြန် (credit- original writer)

ခရီးဖော် (မောင်မိုးအိမ်)

ဆရာဆန်း​ကျော်​ဝင်းရဲ့ကဗျာ