စစ်ပွဲတွေ မရှိတော့တာ ကြာပြီ (မောင်​မြတ်​သူ)

စစ်ပွဲတွေ မရှိတော့တာ ကြာပြီ



သေနတ်လွယ်ထားတဲ့ စစ်သားတွေ
နိုင်ငံမြေပုံကို နင်းသွားတာတွေ့တော့
အသုဘသီချင်းသံကိုပဲ ငါကြားနေရတယ်။
.
ငါသိတာတော့ သူတို့က
စစ်တိုက်နေတာမဟုတ်ဘူး၊
ထမင်းကြမ်းခဲစားရင်း အသေခံနေတာ။
ငှက်ဖျားဒဏ်ခံပြီး အသေခံနေတာ။
.
နိုင်ငံတော်လူကြီးမင်းတွေ
ချမ်းသာပြီးတည်းက
စစ်ပြီးသွားတာကြာပြီ။
.
ဒါကို သူတို့ တကယ်မသိကြဘူး။
.
ရေဒီယိုတွေ နားမထောင်ဘူးလား၊
သတင်းစာတွေ မဖတ်ရဘူးလား မသိ၊
ဒါကို သူတို့ တကယ်မသိကြတာ။
.
အိမ်နီးချင်းတွေလည်း စီးပွားရေးပဲ လုပ်နေတာ၊
အစိုးရလူကြီးတွေလည်း စီးပွားရေးပဲလုပ်နေတာ၊
စာသင်ကျောင်း မဆောက်ချင်တဲ့ လူကြီးတွေ
ဘန်ကာ ဆောက်နေကြတာဟာ
စစ်တိုက်တယ်လို့ လုံးစေ့ပတ်စေ့ မခေါ်ဘူး။
.
ငါ့မျက်စိရှေ့မှာ သေနေတဲ့အလောင်းတွေက
စစ်တိုက်လို့ သေနေတာတွေ မဟုတ်ဘူး။
.
ဟိုခြေပြတ်၊ လက်ပြတ် ယောင်္ကျားများဟာလည်း
စစ်တိုက်လို့ ဒုက္ခိတ ဖြစ်သွားတာ မဟုတ်ဘူး။
.
တကယ်တော့ စစ်တိုက်တယ်ဆိုတာ
ဘယ်မှာမှ မရှိတော့တာ ။
အီရတ်မှာ အမေရိကန်တွေ ရေနံတူးတာကို
စစ်တိုက်တယ်မခေါ်ဘူး။
ကင်ဂျုံအန်က နန်းတော်ကို
နယူးကလီးယားနဲ့ဆောက်နေတာကို
စစ်တိုက်တယ်မခေါ်ဘူး။
.
စစ်ပွဲရှိတယ်လို့ အလိမ်ခံရတဲ့ စစ်သားတွေဟာ
ကျောပေါ်က ခြင်းတောင်းထဲကို
မိသားစုဘဝတွေ ထည့်ထားတယ်၊
သူတို့တွေ အပစ်ခံရတော့
မိသားစုဘဝတွေ ကျကွဲကုန်တာပေါ့။
.
ဟိုဘက်က စစ်သားကလည်း
ပစ်ဆိုလို့သာ ပစ်လိုက်ရတယ်၊
ဒါဟာ စီးပွားရေးတစ်ခုပဲဆိုတာ
သူနားမလည်ဘူး။
သူ့သေနတ်ကို ကျည်ဖြည့်တိုင်း
အိပ်မက်ဆိုးတွေ မက်တယ်။
.
သေနတ်ဒဏ်ရာနဲ့ ဘိန်းခင်းတွေကို
ဖြတ်ပြေးကြတဲ့ နှစ်ဖက်တပ်သားတွေ
သူတို့ ဖြတ်ပြေးလာတဲ့ ဘိန်းခင်းဟာ
သူတို့လူကြီးတွေ စိုက်ထားတယ်ဆိုတာကို
မသိကြဘူး။
.
ဘိန်းခင်းတွေနဲ့ သယံဇာတတွေက
ဒေသခံတွေရဲ့ ဘဝတွေကို လောင်မြိုက်လိုက်တယ်။
စာသင်ကျောင်း ဆေးခန်းနဲ့
လူ့ဂုဏ်သိက္ခာတွေ ပြာကျကုန်တယ်။
.
မုဆိုးမတွေသာ သံကုန်ဟစ်ပီး ငိုနေရှာတယ်
ခေါင်းဆောင်ကြီးများကတော့
လူစုမိရင် ညစာစားတုန်းပါပဲ
လက်ဆွဲနှုတ်ဆက် မိတ်ဖက်စီးပွားရေးတွေ လုပ်တုန်းပါပဲ။
.
စီးပွားရေးဈေးကွက်ဟာ
သေနတ်ပြောင်းဝက ထွက်နေတယ်။
ငြိမ်းချမ်းရေးအတွက် ဘယ်ကောင်မှ
လက်ကြောမတင်းဘူး
လူ့အသက်ဆိုတာ အလွယ်ရတဲ့ အရင်းအနှီးပဲ
ကုန်တိုက်တွေမှာ တင်မရောင်းသေးတာ
ကံကောင်းတယ်။
.
ဗိုလ်ချုပ်ကြီးတွေ အလုပ်မပြုတ်ရေးအတွက်
အသေခံနေကြတဲ့သူတွေ စစ်ချီတေးကိုဆိုနေကြ
စီးပွားရေးဈေးကွက်ဟာ
သေနတ်ပြောင်းဝက ထွက်တယ်။
.
မောင်မြတ်သူ

Credit to - Brainwave Facebook Page

Comments

Popular posts from this blog

ထူးခြားလှတဲ့ တန်ခူးလနှင့် အတာကူးတဲ့ သင်္ကြန် (credit- original writer)

လင်းမာအိုရေးတဲ့ကဗျာများ

ခရီးဖော် (မောင်မိုးအိမ်)