နောက်ဆုံးစာမေးပွဲ (လင်္ကာရည်ကျော်) (၁) ဘဝမှာ ကိုယ့်လောက် စာမေးပွဲ ဖြေဖူးသူ ရှိခဲ့လျှင်တောင် တော်တော်တော့ ရှားမည်ဟု ဒေါက်တာအောင်ကျော် တွေးမိသည်။ ကျခဲ့သည့် စာမေးပွဲတွေကလည်း အများကြီး။ အောင်ခဲ့သည့် စာမေးပွဲတွေကလည်း အများကြီး။ သည်လောက် စာမေးပွဲပါး ဝနေတာတောင် စာမေးပွဲတစ်ခု ဖြေဖို့ စောစောစီးစီး ကတည်းက လုံလောက်စွာ စနစ်တကျ ကြိုတင် ပြင်ဆင်ခဲ့သည်ဟု တစ်ခါမှ မရှိခဲ့စဖူး။ တကယ် ဖြေရတော့မည် ဆိုမှပဲ နေ့မီး ၊ ညမီးနှင့် ဝုန်းဒိုင်း ကျဲရတာချည်းသာ။ သူ့ကို စာမေးပွဲ ဖြေရတာ ပျော်နေသည်ဟု လူငယ်တွေက ထင်တတ်ကြသည်။ တကယ်တော့ စာမေးပွဲ ဖြေရတာ သူ တစ်ခါမှ မပျော်ပါ။ လုပ်စရာ အလုပ်တစ်ခုကို လုပ်ချိန်တန်လျှင် ရှောင်လွှဲ မသွားတတ်သော သူ့ဝသီကြောင့် စာမေးပွဲတွေ တစ်ခုပြီးတစ်ခု ဖြေနေရခြင်း ဖြစ်ပါသည်။ တကယ်တော့ စာမေးပွဲ ဖြေတာက လွဲလျှင် သူ လုပ်ရတာ ပျော်သော အလုပ်တွေက အများကြီး။ ငယ်စဉ်ကဆိုလျှင် ရုပ်ရှင်ကို ရုံမှာ သွားတန်းစီ ကြည့်ရတာကိုလည်း သူ ပျော်သည်။ အပေါင်းအသင်းတွေနှင့် ခရီးသွားရတာကိုလည်း သူ ပျော်သည်။ အတန်းပညာနှင့် လုံးလုံးမသက်ဆိုင်လျှင် ဘာစာ ဖတ်ရဖတ်ရ သူ ပျော်သည်။ နည်းနည်း အရွယ်ရလာ တီဗွီ ပေါ်လာတော့ တီဗွီရှေ့ ထိုင်ရတာကိ...
Comments
Post a Comment