Old Flame (မိုင်မျိုးမျိုးဆန်း)
Old flame
အမှတ်တမဲ့တွေ့ဆုံခြင်းမှာ
အမှတ်တရ ရနံ့သင်းနေပေမယ့်
မျှော်လင့်ခြင်းတွေ ထမတောက်တော့ဘူး
သူက . .
ငြိမ်းသွားဖူးတဲ့ မီးတောက်လေးတစ်ခု . . .
အသေအကြေကြိုးစားခဲ့ရတဲ့ရိုးသားခြင်းတွေ
ခုချိန်မှာတော့ နေသားတကျ
မျက်ဝန်းခြင်းထပ်ဆုံဖြစ်ရင်တောင်
ကိုယ်ဖြူစင်နေမှာ အသေအချာ
ရင်ထဲကလောင်ခဲ့ဖူးတဲ့ ဒဏ်ရာတောင်
သဘောထားကြီးစွာ ငြိမ်တတ်နေပြီ
အချိန်ကာလရယ် အသိတရားတစ်ခုရယ်က
ကိုယ်ရိုကျိုးခဲ့ရတဲ့ ဆရာသမားတွေလေ . .
ပြောင်းလဲခဲ့ပါတယ်
စည်းတစ်ခုရဲ့ အောက်မှာငြိမ်သက်ရင်း
နေကောင်းလား အဆင်ပြေလား
ဒီစကားတွေ အစားထိုးတတ်ပြီ
အရင်က အချစ်စကားဆိုဖူးတဲ့နေရာမှာလေ . .
တည်ငြိမ်စွာပြုံးတတ်ခြင်းဟာ
ထိရှမှုတွေများခဲ့ခြင်းရဲ့ သင်္ကေတ
အပေါ်ယံတွေကြည့်ပြီးဆုံးဖြတ်နိုင်ရင်
ကိုယ့်အချစ်ကို ခပ်တိမ်တိမ်လို့ ထင်မိလိမ့်မယ်
ဒီတစ်ကြိမ်မှာတော့
ကိုယ်ဖြေရှင်းချက်မပေးတော့ဘူးနော်. . .
ပေါင်းစည်းခွင့်ပါမလာခြင်းဟာ
ကိုယ်တို့ အတွက် ဘုရားသခင်ပေးတဲ့ဇာတ်သိမ်း
ဒီမီးတောက်လေး ငြိမ်းမသွားဖို့
ဘာလို့ များ ထပ်ဆုတောင်းနေဦးမလဲကွယ် . .
လွမ်းရစ်သည်ဖြစ်စေ. .
ကျွမ်းရစ်သည်ဖြစ်စေ . . .
နွမ်းရင့်လို့ ကြွေပြီးမှတော့
ဘယ်ရိုးတံက ပြန်ကပ်ခွင့်ပေးပါတော့မလဲ . .
အချစ်ဟောင်းရေ . .
ထားရစ် . .
ထားရစ်ခဲ့ပါကွယ် . .။
မိုင်မျိုးမျိုးဆန်း
Comments
Post a Comment