သတ္တမမြောက်သုဒ္ဓကိန်းတစ်လုံး ; လက်ရုံး ( Thant Htin Wai )
၁၉.၅.၂၀၁၇ရက်နေ့တွင်
နိုင်ငံတော်အတွက် အသက်ပေးလှူခဲ့သော
(ဗိုလ်သန့်ထင်ဝေ၊စစ်ကြောင်းဆေးမှူး/DSMA 17) ကိုယ်တိုင်ရေးကဗျာတစ်ပုဒ်အား.
ပြန်လည်ဖော်ပြ၍ ဂုဏ်ပြုပါသည်။
သတ္တမမြောက်သုဒ္ဓကိန်းတစ်လုံး
ခန္ဓာကိုယ်မှာ အရှက်လုံရုံ
အဝတ်တစ်စုံ ဖုံးထားတယ်
ကိုယ့်အသက်အတွက်
လက်တစ်ဖက်မှာ သေနတ်တစ်လက်....
ကျောထက်မှာ
အိုးစားဖက်တွေ အတွက်
အသက်ရှင်ရေး မျှော်လင့်ချက်တွေ
စုပြုံထမ်းပိုး ပြီး
ခြေတစ်လှမ်း လှမ်းလိုက်တယ်
ပင်လယ်ရေမျက်နှာပြင်အထက်
ပေပေါင်းများစွာ.......
ဘယ်နေ့က ဆောင်းကုန်ပြီး
ဘယ်လက နွေပေါက်ခဲ့သလဲ
မြေခင်းတစ်ထည်နဲ့
ရှာကြံထားရတဲ့ အနွေးဓာတ်ဟာ
နေထွက်သည့်တိုင်
ခိုက်ခိုက်တုန်ဆဲ အအေးဓာတ်ကို
မကျော်လွှားနိုင်ခဲ့.......
မိုးရွာချိန်မှာ မြေခင်းဟာ မိုးကာဖြစ်ပြီး
ညအိပ်ချိန်မှာ မြေခင်းဟာ အိပ်ရာဖြစ်သတဲ့
မိုးရွာတဲ့ ညတွေမှာ မြေခင်းဟာ........
ကျောတစ်ခင်းစာ အိပ်ရာအတွက်
ကမ္ဗလာမြေကြီးကို ကျေးဇူးတင်မိသလို
တသွင်သွင်စီးဆင်းနေတဲ့ သောက်ရေ အတွက်
စိမ့်စမ်းလေးတွေကို ကျေးဇူးတင်မိပါရဲ့
ငှက်ပျောအူထမင်းနဲ့ ရေမုန့်ညင်း
အကြောပေါင်းတစ်ထောင် နဲ့ ငါးဥသီး
ဓားမခုတ်ရွက် နဲ့ ပဲပိစပ်
တွေ့သမျှဟာ.ရိက္ခာတဲ့
ဆီမပါပဲ မြက်ကို ရေလုံပြုတ်နိုင်သလို
အိုးမရှိချိန်မှာ ဦးထုပ်နဲ့
ထမင်းချက်နိုင်သတဲ့
ပုတ်သင်ကြော်ဟာ
ချိုပြီးစိမ့်မှန်း သိရပြီးနောက်ပိုင်းမှာ
ရိက္ခာစည်သွတ်ဘူးရတဲ့ရက်ဟာ
အာဂပါးစပ် လူဖြစ်ရကျိုးနပ်တဲ့ရက် ဖြစ်လာတယ်
ဟန်းကောထမင်းနဲ့ ငါးခြောက်ဟင်း
အာလူးမီးဖုတ်နဲ့ ဆားပြား
ပွတ်ချွန်းနဲ့ ရွှေဖီဦး
အလိုက်ဖက်ဆုံး.အတွဲအစပ်တွေကြားမှာ
တစ်နပ်စာ.အာဟာရဟာ
အူစိုရုံ လျှာပေါ်မြက်မပေါက်ရုံမှန်း
သဘောပိုက်လာနိုင်တယ်
ဖက်ကြမ်း စည်သွတ်.ဘီစကွတ်နဲ့
၈ယောက် ၁ ရက်စာ တိုက်ခိုက်ရေးရိက္ခာဟာ
၁ယောက်တည်း ၈ ရက်စားမလောက်နိုင်မှန်းသိလာသလို
ပိုက်ဆံဟာ အိမ်သာသုံးစက္ကူလိပ်လေးတွေထက်
တန်ဖိုးနိမ့်ကြောင်း သိလာတယ်.....
မြေပုံပေါ်မှာ ခြားထားတဲ့ မျဉ်းနက်လေးရှေ့က
မြေပြင်မှာ.ကတုတ်ကျင်းတွေ ဘန်ကာတွေ ရှိနေပြီး
လုံခြုံရေးတင်းကျပ်ပါတယ်ဆိုတဲ့ နိုင်ငံကြီးမှာ
ဗီဇာမလိုတဲ့ နောက်ဖေးပေါက်တွေ လှမ်းမြင်နေရတယ်
သူများဆီက
မြစ်တစ်စင်းလုံးတောင် အပိုင်သိမ်းချင်ပေမယ့်
ကိုယ့်မြေမှာ ကျည်ဆံလေးတစ်တောင့်
မဆိုသလောက်လေး ရောက်လာရင်တောင်
တိုက်လေယာဉ်တွေ ပျံပြတဲ့ အထိ
နိုင်ငံကို ချစ်ပြကြတယ်
သိပ်ချစ်စရာကောင်းတဲ့ အိမ်နီးချင်းတွေ.....
အနောက်တောင်အရပ်က လင်းယုန်ကြီးပြောတဲ့
လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာမှုတွေ အရေခြုံပြီး
အရှေ့တိုင်းက နှုတ်ခမ်းမွှေးတကားကားနဲ့
နဂါးကြီးမှုတ်တဲ့ မီးလျှံတွေကြားမှာ
မီးမလောင်ပေမယ့်
တောကြောင်တွေ လတ်ခမောင်းခတ်ကြတာပ....
ဒီလိုနဲ့ပဲ အညတရတွေ
သူ့အသက် ကိုယ့်အသက်
လောင်းကြေးထပ်ကြရင်း
တစ်ခါတစ်ခါမှာ ကိုယ့်လက်တွေ သွေးစွန်းရတယ်
သွေးစွန်းနေတဲ့ လက်တွေနဲ့ပဲ
အသက်တွေ ပြန်ကယ်ရတယ်
သေနတ်ကိုင်ထားတဲ့ ဆရာဝန်ဟာ
ဂျနီဗာကွန်ဗင်းရှင်းမှာ.
အကြုံးမဝင်ပါတဲ့ .......
ရွှေပြည်တော်ဟာ.
မျှော်တိုင်းဝေးနေပေမယ့်
ခြေတစ်လှမ်းလှမ်းတိုင်းတော့
သချိုင်း ဟာ မမျှော်ပဲ နီးနီးလာတယ်
ပါးစပ်နဲ့ ရှင်းနေတဲ့ စကားဝိုင်းတွေအောက်မှာ
သေနတ်နဲ့ ရင်းခဲ့ရတဲ့ အသက်ပေါင်းများစွာ
ကိုယ့်မြေ ကိုယ့်ရေမှာ
ကိုယ်တွေက အလံဖြူထောင်ပြပေမယ့်
တစ်ဖက်က အလံနီ ပြန်ထောင်ပြတာတော့ အခက်သား
ကိုယ့်နိုင်ငံ ကိုယ့်တောင်ကုန်းမှာ.
တစ်ပါးနိုင်ငံ အလံထောင်ပြီး
တစ်ပါးလူမျိုး အားကိုးနေသူကို
ပြည်ထောင်စုဖွား တိုင်းရင်းသားလို့
သတ်မှတ်ရလေမလား
လူသားချင်းစာနာမှုဟာ
စစ်သားတွေမှာပဲ မရှိသလိုလို.......
မြေပြင်မှာ ဖောက်ခွဲလိုက်တဲ့
လက်နက်ကြီးဗုံးဆံတစ်ခုဟာ
ဒေါ်လာပေါင်းများစွာတန်သတဲ့
သူ့ရင်ဘတ် ကိုယ့်ရင်ဘတ်
ဖောက်ထွက်သွားတဲ့ ကျည်ဆံဟာ
သွေးလူးနေတဲ့ စပါးစေ့ထက်တွေထက်
တန်ဖိုးကြီးသတဲ့
လေယာဉ်တစ်ခါပျံတဲ့ ဆီတစ်ဂါလံဟာ
ရိက္ခာပေါင်းမည်မျှနဲ့ ညီမျှသလဲ
မျက်လုံးကို စုံမှိတ်ကြည့်လိုက်တော့
မြင်နေရတာက
အရိုးပြိုင်းပြိုင်းထနေတဲ့ နိုင်ငံ့ပိုင်နက်
မျက်လုံးကို ဖွင့်ကြည့်မိတဲ့ မြင်ကွင်းက
အရိုးပါမြုပ်ပြီး ပိုင်နက်ကို ခြံစည်းရိုးခတ်နေရှာတဲ့
အစိမ်းရောင်မြေပုံလေးတွေ.....
လေတိုက်တိုင်း ဖွေးဖွေးလှုပ်သွားပုံက
စွန့်ရှာလေသူတို့ အရိုးတွေ ထထ တွန်သလိုလို
အတွေးတွေ မဆုံးခင်
ဝုန်းဒိုင်းကျဲသွားတဲ့ ဆူညံသံတွေ
လက်နက်ကြီး လက်နက်ငယ် ယမ်းခွဲသံတွေ
အသက်ငင်နေတဲ့ ဗုံးဆံတွေ ကျည်ဆံတွေ
မြေပြင်နဲ့ ဝေဟင်မှာ
တော်လဲသံတွေ အလား
မိုးချိန်းသံတွေ အလား
ကမ္ဘာမီးလောင်တာ မမြင်ဖူးပေမယ့်
ချနင်းခံရတဲ့ သားကောင်တွေကတော့
မျက်စိရှေ့မှာ အလဲလဲ အပြိုပြို
ကြောက်ရွှံ့ခြင်း စိုးထိတ်ခြင်းနဲ့
ရှင်သန်လိုခြင်းတွေ သိစိတ်မှာ
အားပြိုင်နေဆဲမှာပဲ
မသိစိတ်မှာ တွယ်ငြိနေတဲ့ အတ္တတွေကြောင့်
ကိုင်ထားတဲ့ သေနတ်မှာ ယမ်းခိုးတွေဝေသွားရတယ်
ကိုယ့်အသက် ကာကွယ်ဖို့
သူ့အသက်ကို စတေးပစ်မိတာ
ဟန်မူရာဘီရဲ့ ကိုဓ ဥပဒေထက်
ပိုပြီး ရင့်သီးသွားလေမလား
ကျိန်ဆိုထားမိတဲ့ သစ္စာတွေ အတွက်
ဟစ်ပိုကရေတီးကို ရှက်ရွှံ့မိလေရဲ့
နာရီပေါင်းများစွာ ဖြုန်းတီးလို့အပြီးမှာ
ဟိုးအဝေးဆီက ကျားထိုးသံကြားရတယ်
အောင်နိုင်သူတွေရဲဝံ့ပြီး
သုံးရောင်ခြယ် အလံကို မြေမှာ စိုက်ချိန်မှာ
သေအံ့မူးမူး မျက်လုံးတွေကတော့
အမြင့်မြတ်ဆုံးသောဂုဏ်ဆိုတာကြီးနဲ့
ဝံ့ကြွားနေမလားပဲ
ပြောင်းပူနေတဲ့ သေနတ်ကို မြေမှာ အသာချ
ဘေးလွယ်အိတ်ထဲက မြေခင်းကို ဖြန့်ခင်း
ကျောပိုးအိတ်ထဲက ဆေးဝါးတွေ ထုတ်ပြီး
ခနော်ခနဲ့ ဆေးခန်းလေး ဖွင့်လှစ်လိုက်တယ်
သိပ်မကြာခင် မိနစ်ပိုင်းလေးကမှ
ကြမ်းခဲ့ ရမ်းခဲ့ သမျှ စစ်သားကြီးတွေဟာ
ခုချိန်မှာ မိခင်ရင်ခွင်တွင်းက
ပီဘိ ကလေးငယ်လေးတွေလိုလို
ဆေးဝါးမလုံလောက်မှုတွေ
ပစ္စည်းကိရိယာ မစုံလင်မှုတွေ
ပြီးပြည့်စုံတဲ့ ကုသမှု မခံစားရမှုတွေ
သူတို့ မသိ
ရသမျှ အချိန် ရှိသမျှ ဆေးဝါးနဲ့
သေမင်းနဲ့ တကျော့ပြန် စစ်ခင်းပေးနေရှာတဲ့
ဆရာဝန်ချာတိတ်လေးကိုသာ
သူတို့ခဗျာ ကျေးဇူးတင်လို့ မဆုံး
အားနာလို့ မဆုံး
နောက်တစ်နေ့အတွက်
မြေပုံညွှန်းတွေ စုဖွဲ့မှုတွေ
လူနာအခြေအနေတွေ
အရာရာဟာ နေသားတကျဖြစ်သွားချိန်မှာ
ကျောပိုးအိတ်ထဲမှာ မိုးရေမစိုအောင်
မြေခင်းနဲ့ အထပ်ထပ်ပတ်ထားတဲ့
စာအုပ်လေးတွေ ပြန်ထုတ်မိတယ်
ကျိန်းစက်နေတဲ့ မျက်ဝန်းအစုံနဲ့ပဲ
အနာဂတ်ကို ဖတ်ရှုနေတုန်း
အကိုတစ်ယောက် စကားက နားထဲကြားယောင်လာတယ်
"'စာမေးပွဲဆိုတာမျိုးက မျှော်လင့်ချက်မထားရင်တောင်
အားနာဖို့တော့ ထိုက်တန်တယ်မို့လား "တဲ့
ကောင်းကင်ကို မော့ကြည့်မိတော့
ထိန်ထိန်သာနေတဲ့ လမင်းကြီးဟာ
ကိုယ့်ရဲ့ အဝေး
မိုင် ... ပေါင်း ... များ ... စွာ ...
လက်ရုံး ( Thant Htin Wai )
Comments
Post a Comment