သစ္စာတရားနဲ့ငါ့ကိုနှစ်သိမ့်ပါ (မိုင်မျိုးမျိုးဆန်း)
သစ္စာတရားနဲ့ငါ့ကိုနှစ်သိမ့်ပါ
ကောင်းကင်တစ်ခုထဲအောက်မှာ ခိုလှုံရရုံ
မြေကြီးတစ်ခုထဲပေါ် အတူရပ်နေရရုံနဲ့
ကိုယ့်ကိုယ်ကို ဖြေသိမ့်နေရသူပါကွဲ့ 
ဒဏ်ရာအပိုတွေ မပေးစမ်းပါနဲ့ . .
နွေဆိုလဲနွေ မိုးဆိုလဲမိုး
ဆောင်းဆိုလဲဆောင်းလိုက်ရရုံ
နင်မပါတဲ့ရာသီတွေမှာ
ငါဟာတစ်ယောက်ထဲ
သစ်ရွက်လိုကြွေလိုက်
မိုးစက်လိုကြွေလိုက်
နှင်းပွင့်လိုကြွေလိုက်ပါပဲ . .
နင့်ကိုလွမ်းတဲ့ နာရီတွေဟာ
စက္ကန့် တစ်ခုစာတောင် မရပ်တန့် ဘူး
ဒီလူမှ မရူးရင်
ဘယ်သူမှ လွမ်းလို့ ရူးမှာမဟုတ်တော့ဘူး
အလွမ်းဆိုတာမျိုးကလဲ
လွမ်းလေ လွမ်းလေ လွမ်းမပြေတာခက်တယ်. .
ငါ့ရဲ့ လမင်းလေးရေ. .
နင်မပါမချင်း ငါ့ကမ္ဘာမှောင်နေဦးမှာသေချာတယ်
ဘယ်လိုဖြေဖြေ မပြေတဲ့တမ်းတခြင်းတွေက
ကြယ်တွေလို အသင်္ချေ
အပေအတေတစ်ယောက်ရဲ့ မှတ်တမ်းတွေပါ
အသိအမှတ်တစ်ချက်လောက်ပြုမယ်ဆိုရင်
သစ္စာတရားနဲ့ နှစ်သိမ့်ပေးပါလေ . .။ ။
မိုင်မျိုးမျိုးဆန်း
Comments
Post a Comment