ငါ၏ရိုမီယိုသို့...... (မိုင်မျိုးမျိုးဆန်း)
ငါ၏ရိုမီယိုသို့......
( ၁ )
ချစ်တယ်လို့ နောက်တစ်ခါပြောဖို့
မာနဘယ်လောက်များများ ချခင်းရမလဲ . . .
မဆုံနိုင်တာသိရဲ့ နဲ့
ကျောချင်းကပ်ထားခဲ့မိတာ မှားတယ် . .
ငါဆိုတဲ့ အမိုက်အမဲက
နောင်တရဖူးတယ်ဆိုလဲ
ဒီထက်ပို လက်မဆွဲထားခဲ့မိလို့ ပဲဖြစ်မှာပါ
ငါ့ရဲ့ ရိုမီယို . .
ငါ့အချစ်ကို နင်မယုံကြည်တာ
ရင်အနာရဆုံးပါပဲ . . .
( ၂ )
ရန်ဖြစ်တယ် ပြန်ချစ်တယ်
လူပြောများတဲ့ ဖြစ်စဉ်တစ်ခုပါပဲ
နင်နဲ့ငါကျမှ
ရန်ဖြစ်ချိန်က ပြန်ချစ်ချိန်ထက်
ဘာလို့ ပိုပိုများနေရတာလဲ
တစ်ခုခုတော့ မှားနေပြီ . .
( ၃ )
မျက်ရည်တွေမိုးလိုရွာချလိုက်ရုံနဲ့
ရင်တစ်ခုလုံးပေါ့သွားရင် ဘယ်လောက်ကောင်းလိုက်မလဲ
ဝဋ်ကြွေးဆိုတာ
ဘယ်လောက်ဆပ်ဆပ်မကုန်ဘူးထင်ပါရဲ့. . . .
( ၄ )
ဝေးကြပြီဆိုမှတော့
လွမ်းနေလိုက်ရုံပေါ့
နှစ်ဦးနှစ်ဘက်ချစ်မှ အချစ်လို့ခေါ်သလား
ငါတစ်ယောက်ထဲချစ်နေလဲ
ဒီအချစ်က လျော့ နည်းသွားမှာမှ မဟုတ်တာဘဲကွယ် . . .
( ၅ )
သတိရတယ်ဆိုတာ
ဆံပင်တိုတို ညှပ်ရမလားလို့
တိုင်ပင်ချင်တာမျိုး . . .
ကောင်မလေးတွေနဲ့ ဝေးဝေးနေနော်လို့
သတိပေးချင်တာမျိုး. . .
နင့်ငါ့ကို မချစ်ဘူးလို့
အရင်လိုဂျစ်တိုက်ချင်တာမျိုး. .
နောက်ပြီး . .
ပြောစရာအထွေအထူးမရှိလဲ
"မောင်ရေ . . မောင်ရေ" လို့
ခဏ ခဏ ခေါ်နေချင်မိတာမျိုး ပေါ့ . .
( ၆ )
ရိုမီယိုရေ . .
အချစ်ဆိုတာ
ပေးသလောက်ပဲ ယူရတာမျိုးလား
ငါ့အတွက်ခွဲတမ်းက နည်းလွန်းတယ်လို
နှုတ်ခမ်းဆူချင်တယ် . .
( ၇ )
အိပ်မရတဲ့ ညတွေဆို
အလွမ်းတွေကို ထူထူခင်းလို့
အခြားတစ်ယောက်နဲ့ ဖုန်းပြောနေမယ့် နင့်ကို
လွမ်းလိုက်တာ. . .
( ၈ )
ဘဝမှာ ရွေးစရာတွေများလွန်းရင်
ငါ့ကိုထားခဲ့စမ်းပါကွယ် . .
အပြုံးတစ်ချက်နဲ့
ရှုံးခဲ့သမျှကို မျက်ကွယ်အပြုနိုင်ဆုံးလူက
ငါပဲမို့ လား. .
ရူးမိုက်လိုက်ပုံများ
ဒဏ်ရာတွေကိုမှ ဖက်တွယ်ထားချင်သတဲ့ . . .
( ၉ )
ရိုမီယိုရေ . .
ဟားတိုက်လို့ လှောင်ရယ်လိုက်စမ်းပါ
ပြီးတော့
နင့်ကမ္ဘာကို သော့ခတ်လို့
တိတ်တိတ်လေး အိပ်မောကျလိုက်စမ်းပါကွယ် . . .
( ၁၀ )
နင် ငါ့ကို တကယ်မချစ်ဘူးလို့
တွေးမိတိုင်း နင့်လက်ကို လွှတ်ချထားခဲ့မိတာ
ငါ့အမှားဆိုရင် . .
ငါ့လက်ကို ပြန်ဖမ်းဆုပ်လို့
အမှန်တရားကို
ဖော်ထုတ်ပြသင့်တယ် မထင်မိဘူးလား . .
ငါ့ရဲ့ ရိုမီယိုဟာ
အဲ့ဒီလောက် ဥာဏ်နဲသူတစ်ယောက်မှ
မဟုတ်တာဘဲကွယ် . .
( ၁၁ )
ချစ်တယ်လို့ နောက်တစ်ခါပြောရင်
အရင်လို ပန်းတွေပွင့်ပါဦးမလား . .
အက်ကြောင်းရာအဆက်အထုံးတွေနဲ့
ငါတို့ ဇာတ်လမ်း
ကြေမွနေလိုက်ပုံများလေ . .
ထိလိုက်ရုံနဲ့ တစ်စစီကွဲထွက်သွားမယ့်
ဆပ်ပြာပူဖောင်းလေး တစ်ခုလိုပါပဲလားကွယ်. .
( ၁၂ )
ငါ့ရဲ့ရိုမီယိုရေ . .
ငါ့အချစ်က မွန်းကြပ်စေတယ်ဆိုရင်
တွေဝေခြင်းမရှိ ထားခဲ့နိုင်ပါတယ် . . . .
နင်မသိခဲ့တာက
စိတ်ကောက်ရသူက
ချော့တဲ့သူထက် ပိုနာကျင်ရတယ်ဆိုတာပါပဲ . .
( ၁၃ )
နေရောင်ခြည်ကို မျှော်လင့်ပါ. .
ဖြစ်တည်မှုကို တန်ဘိုးထားပါ . .
လူတွေကြားမှာ စီးမျောပါ. .
သူတစ်ပါးကို ထွင်းဖောက်မြင်တတ်ပါစေ.
ကဗျာတွေကို အဖော်ပြုပါ . .
နေမကောင်းရင်ဆေးသောက်ပါ
တကယ်ချစ်ရင် အတ္တကင်းကင်းထားပါ
ရန်ဖြစ်တိုင်း အရင်စခေါ်ပါ . .
သူ့ မျက်ရည်တွေကို ဂရုစိုက်ပါ. .
သူ ခေါ်တိုင်း ထူးဖို့ ဝန်မလေးပါနဲ့ . .
( ၁၄ )
နောက်ဆုံးအနေနဲ့မှာချင်တယ် ရိုမီိယို . .
အချစ်စစ်နဲ့ တွေ့ဖြစ်ခဲ့မယ်ဆိုရင်
ဟောဒီက အမိုက်အမဲငါ့ကို
ကိုယ်ချင်းစာတတ်ဖို့ လဲ
နင်မမေ့လိုက်ပါနဲ့လားကွယ်. . .။ ။
မိုင်မျိုးမျိုးဆန်း
Comments
Post a Comment