ကြွေလွင့်ဆရာ/များအတွက်.... (မိုင်မျိုးမျိုးဆန်း)
ဆရာမဘဝတွေပါ
သီတင်းကျွတ်ဆိုတာကို
လက်ချိုးလို့ ရေတွက်
ကြွေမယ့်ရက်လို့ သူတို့ ဘယ်သိခဲ့ကြမှာလဲ . .
မျှော်သူတွေက အသီးသီးမျှော်လို့ 
အပျော်တွေ ပိုက်ပြီးပြန်လာတဲ့ သူတို့ ကို
ကံကြမ္မာဆိုးက ဝါးမြိုရက်တယ်
အနာဂါတ်တွေ မှောင်ကုန်ပြီ . . .
ဆရာမတို့ ရေ . .
ဆရာမတို့ ရဲ့ ကျောင်းတွေမှာ
ဆရာမတို့ ပျိုးခဲ့တဲ့ ပန်းလေးတွေငိုနေပြီ . .
ဆရာမတို့ ရဲ့ အိမ်တွေမှာ
ဆရာမတို့ ကို တမ်းတသံတွေ ညံနေပြီ . .
ဆရာမတို့ ရဲ့ လက်နဲ့
ခေါင်းလောင်းထိုးခဲ့ကြတဲ့ ကျောင်းတွေဟာ
ဆရာမတို့ နဲ့ မသက်ဆိုင်တော့ဘူးတဲ့
ပြန်တမ်းဆိုတဲ့ အသံကို
ငိုရှိုက်သံတွေက ဝန်းရံထားတယ်
လက်ပြနှုတ်ဆက်ခဲ့တာ
တကယ်ကိုနောက်ဆုံးတဲ့လား . .
မတွေးရက်ဘူး
ကြောက်လန့် တကြား အော်ငိုခဲ့ကြမယ့်အသံတွေကို . .
မမြင်ယောင်ရက်ဘူး
ရင်ထဲမှာ ဗြောင်းဆန်မတတ် ထိတ်လန့် ခဲ့ကြမယ့် ပုံရိပ်တွေကို . .
တစ်ကယ်ကို မကြည့်ရက်ဘူး
ကြွေလွင့်ရမယ်မသိခင်တုန်းက
ဆရာမတို့ ပြုံးခဲ့ဖူးတဲ့ အပြုံးလေးတွေကို . .
ကံကြမ္မာဆိုတာ
ရဟတ်စီးသလို
တစ်ပတ်ပြီး တစ်ပတ် ပြန်လည်လာခဲ့ရင်
ဒီလို အဖြစ်ဆိုးတွေနဲ့
ဝေးနိုင်သမျှ ဝေးကြပါစေ . .
ပန်းပျိုးခဲ့ခြင်း အကျိုးအားဖြင့်
ပန်းလိုမျိုးဘဲ ဘဝဆက်တိုင်း ဝေပါစေ . .
ယုံကြည်ခဲ့ရာ ဘာသာတရားရဲ့ 
စောင့်ရှောက်မှုအောက်မှာ
ပျောက်ခဲ့သော အသက်များ ငြိမ်းအေးပါစေ ။
မိုင်မျိုးမျိုးဆန်း
Comments
Post a Comment