မီးတောက်ရမ်သမ် (တာရာမင်းဝေ)


မီးတောက်ရမ်သမ်

~~~~~~~~~

{1}

အခုလို …
လှပအေးစက်နေတဲ့ညမှာပဲ
ငါ … ပျိုးထားတဲ့ မြနှင်းဆီဟာ …
ကြယ်တစ်ရာ ခြံရံပြီး ကြွေကျသွားခဲ့တယ်

တိမ်လွှာမျဉ်းကောက်တွေကလည်း
ချစ်သူတစ်ယောက်ရဲ့ မီးအိပ်မက်မှာ
ရွှေမျက်ရည်တွေ စိုလက်လာပြီလို့
မှိုင်းညို့နေတဲ့ ကောင်းကင်ကြီးကို
တီးတိုးပြောကြားလိုက်တယ်

“ချစ်ခြင်းမေတ္တာဟာ”… ဟာ
မှော်ဆရာတစ်ယောက်ရဲ့နိဂုံးလို
နောက်ဆုံးမှာ …
မီးခိုးလုံးများ ဖြစ်သွားရော့မလား…လို့
နှုတ်ခမ်းကိုက်ပြီး…ငါစဉ်းစားဖူးတယ်

လူငယ်တစ်ယောက်ကို ပြုစားဖို့
ဘယ်နတ်ဘုရားထံမှာ
နင့်လက်တွေ ဖြန့်ကား တောင်းခံခဲ့သလဲ …
ငါ့ရာဇဝင် ခပ်ကျဲကျဲကို
ငရဲမီးထဲ တွန်းချလိုက်ချင်တယ်
သံယောဇဉ်…ဆိုတာ
အရောဝင်လို့မကောင်းတဲ့ ခွေးကလေးပါပဲ …

လောကဓံဦးတုန်းက …
အလွန်းအကြူး သောက်ခဲ့တဲ့ အရက်တစ်ခွက်
ခုမှ…စံပယ်ရွက်ပေါ်မူးလဲ…
အသည်းကွဲတယ်…ဆိုတာ
သီချင်းလေးတွေ တိုးတိုးညည်းရင်းက …
ထိရှခဲ့တဲ့…သွေးမဲ့ဒဏ်ရာ တစ်ချက်ပါ…
သိုးကျောင်းသားရဲ့ ခံနိုင်ရည်နဲ့
နတ်ဘီလူးတွေရဲ့ သတိရခြင်းမျိုးက
ငါ့ကို…ဆီးမိုးထားတယ်…

စက်ရုပ်ကို ဒူးထောက်ကျစေတဲ့
နင့်ရဲ့…မျက်ဝန်းစိမ်းလဲ့မှာ…
ငါ…ဘယ်လိုမှ မေ့မရတဲ့
မဟာလကာင်္ တစ်ပိုင်းတစ်စ…ရှိနေလေရဲ့

အဲဒီလိုနဲ့ပဲ
ငါ ပြန်လည် ချည်နှောင်ခဲ့ပါမယ်…
ချစ်သော..ဖဲကြိုးဝါကလေးရယ်…
{လက်နက်မပါဘဲ…
စစ်ဝင်္ကပါမှာ ငါ…မတိုက်ရဲဘူး…}
ညံ့တယ်လို့ပဲ…
လက်ညှိုးထိုးပြီး ပြောလိုက်ပါတော့…

လျှပ်စစ်မျှင်တန်းလို…
ပူလင်းပြင်းထန်လွန်းတဲ့
သူရူးတစ်ယောက်ရဲ့ ပွေ့ဖက်မှုတွေထဲ…
ခု…ရထားတို့ ဥသြဆွဲလိုက်ကြပြီ…
“…ပြီးဆုံးသွားပါပြီ…
…အားလုံး ပြီးဆုံးသွားပါပြီ…”တဲ့

{2}

အရှေ့လေတွေတိုက်တုန်းက
ခါးကုန်းနေတဲ့ ငါတို့ရဲ့ မြရာပင်အိုကြီးဟာ
တုန်ယင်ချည့်နဲ့စွာ ယိမ်းထိုးနေတော့တယ် …

ကျောင်းတော်ရဲ့ စည်းအပြင်
နှောင်းရိပ်တွေ တစ်လွင်လွင်နဲ့
ထင်ယောင်ထင်မှား
လမ်းပေါ်မှာ ငါစဉ်းစားတာ…
နင့်အကြောင်း ခေါင်းစဉ်များစွာပါပဲ

ထိပ်ထားရယ်...
အီဂျစ် ပြက္ခဒိန်ထဲက
မိုးတိမ်တွေ ရွာမယ့်နေ့
နင်နဲ့ငါ ပြန်လည်ဆုံတွေ့ကြရင်
ဒီအကြောင်းတွေ ပြောပြချင်ပါသေးတယ်..

ငါက ဆပ်ပြာပူဖောင်းကို ခိုစီးပြီး
မြင့်မိုရ်တောင်ကြီးနဲ့တိုက်မိမှာ
စိုးရိမ်ရှာသူ မဟုတ်ခဲ့…၊
ဒါပေမဲ့…
လေပွေလမ်းကြောင်းများမှ
တုန်ဝါးဖျော့အေး
“သစ္စာ”ကို ပဲ့တင်သံနဲ့ပဲ ပြန်ပေးနိုင်ခဲ့သူ…

ငါ့ကိုသတ်…ငါ့ရင်ဘတ်ကို ထိုးခွဲဖောက်လှန်ကြည့်
ငါ့လက်သီးထဲမှာ ကျစ်ကျစ်ပါအောင် ဆုပ်ထားတဲ့
သုညတစ်လုံးပဲ ရှိလိမ့်မယ်…

ဝိုင်ယာကြိုးတွေ
“ထောင်း”ခနဲ မီးပွင့်ပြတ်တောက်ပြီး
ရုတ်ချည်း မှောင်အတိကျသွားတဲ့
“အန္ဓ”တို့ရဲ့ အိမ်အိုမှာ…
တေလေပီသစွာ…ငါနေတယ်

တိတ်ဆိတ်…ပြာလဲ့နေတဲ့ည…
ရေတွင်းထဲ ခေါင်းငုံပြီး…
“….”ကို ချစ်တယ်…လို့
ဘယ်ဆီဘယ်ဝယ်…ဟစ်အော် တမ်းတရတာ..
ဘာကြောင့်ပါလဲ…

“အုံ့ပုံးချစ်” သီချင်းကို
မဆိုချင်ဘဲ ဆိုရတာ
ရွှေရည်စိမ်ထားတဲ့ လက်ပစ်ဗုံးကို
ကိုက်မျိုရသလိုပါပဲ…လို့
အက်ကွဲနေတဲ့ မယ်ဒလင်ကြီးက…
ငါ့ကိုပြောပြတယ်

အဲဒီလိုနဲ့…
မိုးကို ဆန့်မြှောက်ထားတဲ့
မမီနိုင်သော ကမ်းလက်တွေဟာ
ဟိုး…တုန်းကလိုပဲ
ငါ့ဆီမှာ…မြေမှုန်တွေ စွန်းထင်လျှက်ပါပဲလေ…

{3}

ဟိုးငယ်​ငယ်​ ​ကျောင်းမ​ပြေးတတ်​ခင်​တုန်းက 
ခ​ရေပွင့်​ပြထားတဲ့ သင်္ချာတစ်ပုဒ်
ငါ့အပေါ် ခုန်အုပ်ပြီး
မင်နီတွေ ရဲခနဲ့ သုတ်သွားဖူးတယ်

ငါ…သတ္တိကောင်းကင်မှာ..နီလွင်ထစ်ချုန်း
တစ်…နှစ်…သုံး
အနက်ရှိုင်းဆုံး ထိုးကျပစ်လိုက်တယ်
ထူးလှတယ်တော့လည်း မဟုတ်ပါဘူးလေ…

ကြောက်မက်ဖွယ်ရာ လူတွေရဲ့
မဟာဘုတ် ဗေဒင်ထဲမှာမှ
ငါကလည်း “အဓိပတိဘွား” ဖြစ်ချင်ခဲ့တာကိုး

အိမ်အပြန် ညများစွာမှာ…
ဘယ်သူမှ မပြောချင်တဲ့စကားတွေ ပွေ့ပိုက်
ကိုယ့်ကိုယ်ကိုယ် “လူမိုက်”လိုပြန်ခေါ်ခဲ့ရတယ်

1993…1994…
ငါ့ကဗျာလေးတွေ ဆွေးမြေ့ကြေကွဲ
လမ်းဘေးအုတ်ခုံပေါ် လဲကျနေတယ်…

နှင်းမြားတစ်လက်ရဲ့ အဆိပ်နဲ့
နိမိတ်မကောင်းတဲ့ပုံပြင်
မမြင်ဘူးသော နေ့များ…ညများ
ပိတောက်ပိုင်းဖျားမှာ…ဝပ်တွားစုရုံး
ငါ့ကို…ချည်ထုံးခဲ့တာ…
{ခု…အချိန်တိုင်အောင်…}
အလင်းစိမ်းတန်းတွေ ရစ်ဖွာလို့ကွယ်

{4}

မြို့ပြင်လမ်းကွေ့က
တွေ့ခဲ့ဖူးတဲ့ ဂျစ်ပဆီတွေလို
ဖြစ်ခဲ့သမျှကို
ရယ်ကာမောကာ ပြန်ပြောနိုင်တဲ့ အကျင့်လေး
သွေးအေးအေးနဲ့ ကြိုးစားမွေးနိုင်ခဲ့ပြီ

ဘာပဲဖြစ်ဖြစ်
ကျောက်ခေတ်၊ကြေးခေတ်
နျူကလီးယား ကင်ဆာ၊ အနာဂတ်ခေတ်
အားလုံးအတွက်
သေချာတဲ့ ငါ့…ကြေညာချက်ကတော့
နင့်ကို ထာဝရ ချစ်နေမယ်ဆိုတာပါပဲ…

ထိပ်ထားရယ်…
ဖြစ်နိုင်မယ်ဆိုရင်…
ဂန္ထဝင် ပန်းပုရပုဒ်မှာ…
နန်းသုံးအက္ခရာနဲ့ ခြယ်မှုန်း
နင့်နာမည်လေး စာသုံးလုံးကို
စီရီသီကုံးပေးချင်တယ်…

နင့်အပေါ်ထားတဲ့ ငါ့ရဲ့ချစ်ခြင်းမေတ္တာဟာ
မိုးပေါ်ကိုဦးမော့ပြီး
ဝင်းပစွာ လင်းမြတုန်ခါနေတဲ့
ရွှေဝါရောင် မီးတောက်မီးလျှံလိုပါပဲ…

ကျောင်းရှေ့က စံပယ်ရုံမှာ
ဗီးနပ်စ်ရဲ့ နက္ခတ်တို့ တလက်လက် ပြာဝေမှုန်သင်း
ကျောင်းခန်းတွင်းမှာ…
လမင်းကလေး သာခဲ့ဖူးတယ်…

ချစ်သော ကျောင်းသွားဖော်ရဲ့
ပန်းရုပ်လွှာကို မျှော်တွေးရင်း
ဆွေးလျညှိုးခွေ ဖြေမပြေသူလေး အတ္ထုပ္ပတ္တိ
မြရာပင်ကြီး သိပါတယ်

ကမ္ဘာဦးလူတို့လည်း {ဂူနံရံမှာ}
ငယ်ကျွမ်းမျက်နှာဝေဝါး
ပညာရှင်ကြီးများရယ်…
ပါဠိစာလုံးတွေနဲ့
ငါ့အပေါ် မဆုံးဖြတ်ပါနဲ့ဦး…

“ချစ်သူကိုတောင်
ချစ်တယ်လို့ မပြောရဲတဲ့ကောင်…
ရာစုတစ်ထောင်နေရစ်ခဲ့…
ထိုသို့ဖြင့် စကားမဲ့စေသတည်း”

မြရာပင်ကြီးရဲ့
ညည်းတွားသဲ့သဲ့ သန်းခေါင်ယံ
ငှက်ဆိုးအုပ်နဲ့အတူ
ရုတ်တရက်လန့်ပျံသွားတယ်…

ချို့တဲ့သော ကျောင်းသားဘဝ
ဆန္ဒရဲ့ မပြေလည်မှု
အနီရောင်မှတ်တမ်းတစ်ခုနဲ့ ချစ်သူအတွက် ပန်သစ္စာ
သြော်…ငါ့ကိုလေ…
နားလည်ပါ…နားလည်ပါ…
နားလည်စမ်းပါ…

{5}

အဲ့ဒီနေ့ရက်တွေမှာ
မာရ်နတ်ရဲ့ ဘယ်ဘက်လက်က
အနက်ရောင် ကျမ်းချပ်တစ်ပိုဒ်ဟာ
ငါ့ကို စီးနင်းတိုက်ခိုက်ဖို့
မြင်းကကြိုးတို့ကို ပြင်လို့“သ”လို့နေခဲ့ပေါ့

ဘာပဲပြောပြော
ရွှေနဲ့စက်ဝယ်လို့ မရတဲ့
နောက်ဆုံးကလူရဲ့ အတွေ့အကြုံမှာ…
သံမှုန်တွေ ကပ်ပါနေရဲ့
ငါ…ဘာကိုမှ မကြောက်ခဲ့ဘူး

ဟောဒီလောက တောက်လျှောက်
“ကျောက်သင်ပုန်းပေါ်က သုညနဲ့စာရင်
ဗလာစာအုပ်ပေါ်က သုညကမြတ်တယ်”တဲ့
အဲဒီအော်သံကို ငါရယ်နေခဲ့တယ်

“မင်းကကော…ဘာလဲ” လို့
အနန္တတွေက ၀ိုင်းမေးတော့
1…2…3…4…5…
ငါ…အကုန်စဉ်းစားတယ်
6…7…8…9…0…
တစ်ခုမှမဟုတ်ဘူး
ငါ့အတွက် ဂဏန်းမရှိဘူး …

သွေးနဲ့ယက်တဲ့ ကတ္တီပါစလို
နီလွရှင်းတောက်
ကြောက်ခမန်းလိလိ လှပတဲ့
နှလုံးသားက ဂီတသံစဉ်
နှင်းဆဝိညာဉ်မှာ တင်တဲ့ကမ္ဗည်း
လကွယ်ညရောက်တိုင်း…ငါ
ဂစ်တာတီးနေမယ်…

ကျဆုံးတော့မဲ့ စစ်သူရဲအိုက
ငယ်ဘဝက ဓားနဲ့ချစ်သူကို
ပြင်းရှစွာ သတိရလိုက်သလိုမျိုး
နင့်ကို ငါသတိရနေတယ်

ထိပ်ထားရေ…
ထိပ်ထားရေ…
ထိပ်ထားရေ…
သစ်ခုတ်သမားတွေ မရှိတဲ့တိုင်းပြည်မှာ
ငါ…လယ်သမား ဖြစ်ချင်တယ် …
နင်…ဘုရင်မ…လာမလုပ်ရဘူးနော်

တော်တော်ကြာ…
တံစဉ်တစ်လက်ရဲ့ ကျင့်ဝတ်မှာ
သန်လျက်အတွက် ပန်းခူးပေးခွင့် မပါလို့…
ရွာဇနပုဒ်နဲ့ မိုးရေထဲ
ငါ…တစ်ယောက်တည်း
မျက်ရည်ဝဲနေရပါဦးမယ်…

ငါကလည်း ခက်တယ်…
ကဗျာတစ်ပုဒ်နဲ့
နေမဝင် အင်ပါယာ
ဘယ်ဟာယူမလဲလို့ မေးလာရင်
ဒုတိယအရာကို ငါ…ငြင်းတယ်…

အဲဒီလိုနဲ့ပဲ
မှောက်ထားတဲ့
ငါ့ရဲ့ ကံကော်ရွက် ဖဲချပ်ကလေးတွေ
လောကကြီးကို အမျှဝေရင်း
ကာလများစွာ…ကြာပြီကောလေ…

{6}

တောင်ညိုမှာ ပျိုးတဲ့မိုးတွေ
နင့်မျက်နှာလုံးကို တိုးသက်တဲ့အခါ
တောင်ပင်လယ်က ဗေဒါတွေဟာ
ဆောက်တည်ရာမရ ဖြစ်ကုန်ကြတယ်

ဟေး … ငါပြောမယ် …
… … အက်ဆစ်တိမ်ခိုး…တို့
မုတ်သုန်ကို နှိုးပါ
ဒီလူဆိုးအတွက်လည်း
မိုးကြမ်းတို့ တစ်စက်စက်ရွာပါ…

“မထိုက်တန်သူဆိုတာ
လွင့်မျောရမှာပါပဲ…”
ခွဲခွာခြင်းဟာ …
ခရမ်းပြာကျည်ဖူးကို
အဆိပ်ချိုတွေ လိမ်းသုတ်
နှလုံးသား တည့်တည့်ဆီ
ချိန်ရွယ် မောင်းဖြုတ်လိုက်တယ် …

သက်ပြင်းဝေဝေ
ခရေတို့ နှင်းစက်ဖားလျား
မျက်ရည်ကိုစားတဲ့
ချောက်ချားဖွယ် စကားမဲ့ည
ငါဟာ … ထက်ပိုင်းချိုးခံရတဲ့
တစ်ခြမ်းပဲ့ “လ”ပဲ ဖြစ်တယ်

အိပ်မက်ထဲက ကမ္ဘာစစ်လို
အရိုးပြိုင်းပြိုင်းညနေအိုက…
မြေကိုရှိခိုး …
မြူခိုးတို့ ပျောင်းအိညွတ်တွဲ
လူငယ်ဘဝရဲ့
ညရိပ်တို့ မှုန်ဝေဝမ်းနည်းခဲ့ရတယ်

အခင်ဆုံး မဖြစ်ခဲ့ပေမဲ့
အခင်ဆုံးတွေအကြောင်း ပြောတိုင်း
သတိရမိနေကျ သူငယ်ချင်းတစ်ယောက်ဆီ
ငါ…မရောက်ရောက်အောင် သွားမယ်…

ပြီးတော့…
ခရိုးခရိုင်…လက်ဖက်ရည်ဆိုင်လေးမှာ
ကဗျာအကြောင်း စာအကြောင်းတွေပြောရင်း
ကိုယ့်ကိုယ်ကိုယ် ပြန်လည်ဖန်ဆင်းပစ်မယ်..ကွယ်

အရက်သမားက
သူတစ်ပါးကို လွမ်းဆွတ်တာ
ရယ်စရာ မဟုတ်ပါဘူး
တစ်ရံတစ်ခါရဲ့
ပြန်မလာတဲ့သူတို့
သိကြဖို့ကောင်းတယ်…

လေညင်းကလေးရေ…
ငါ ချစ်မြတ်ရတဲ့ ကမ္ဘာရဲ့ထိပ်ထားကို
သူ့ဆံနွယ်ခက်လေးတွေ
ဖွားခနဲ လွင့်ဝဲသွားရုံ
တစ်ချက်လောက် အုံ့သည်း တိုက်ခတ်ပေးပါ…

လေစီးထဲမှာ
ဖွာကြဲလှပနေရှာမဲ့
သူ့ရဲ့ယ့ကေသာဆံမြကို
အဝေးကနေ…ရှိုက်မွှေး လွမ်းဆွတ်ပါရစေဦး နော်…

{7}

အထီးကျန်တောင်ကို အုပ်စိုးဖို့
နတ်ပြည်က ရွာချတဲ့
ငါ့အတွက်…အညတရမိုး…ရေ
နေပါစေတော့ …

အဲဒီညဟာ
တစ်ခြမ်းပဲ့ “လ”က
အသက်ပေးပြီး ကာကွယ်ခဲ့ရတဲ့
အလံမလံမီ “ည”…ဖြစ်တယ်

မြက်ရိုင်းက…
မိုးကုပ်စက်ဝိုင်းကို နမ်းမရသလိုမျိုး
နေနဲ့လက…
တစ်ယောက်ကိုတစ်ယောက် မပိုင်ဆိုင်နိုင်ကြသလိုမျိုး
ရိုးသားစွာ…တို့ဝေးလိုက်ကြပါစို့

ချစ်သူကို မြတ်နိုးရုံနဲ့
အရာရာကို လက်ဖြန့် မိုးစောင့်ရှောက်ချင်တဲ့လူငယ်
ခု …ချွင်းချက်နဲ့ လက်နက်ချလိုက်ပါတယ် …

တေလေဘ၀ရဲ့
ပထမဆုရ အမှားတွေကို
လွယ်အိတ်ညိုထဲ ထည့်ပြီး
မီးအိမ်လက်ဆွဲ…
ရာဇဝင်ထဲမှာ ခရီးဆက်ရဦးမယ်

ထိပ်ထားရေ …
ကချေသည်တို့ရဲ့ တေးတွေနဲ့
ငြိမ်အေးပျော်ရွင် ထာဝစဉ် ချမ်းမြေ့စေသား …
ကောင်းသော မိုးသောက်ချိန်၌လည်း
ငြိမ်သက်တည်ကြည်စေ…
ငါ … ဆုတောင်းပေးနေမယ်…

ပန်းခူးရင်း
သူငယ်ချင်းတွေနဲ့နေရင်း …
စကားပြောရင်း …
သီချင်းလေးတွေဆိုရင် …
မင်း …ငါ့ကို မေ့သွားမှာပါ …

ခုတော့…သွားတော့နော်
ငါ ချစ်မြတ်ရတဲ့ နေရောင်ခြည်တွေနဲ့ မိန်းမပျိုကို
“ဘဝ” ဆိုတဲ့ မာယာနိုင်ငံအိုက …
စောင့်ကြိုလို့ နေရော့မယ် …
သာမည လမ်းခွဲမှာ …
ဝမ်းမနည်းသလို ငါတို့နှုတ်ဆက်
မနက်ဖြန်ခါမှာ … အောင်မြင်ပါစေ
မနက်ဖြန်ခါမှာ … အောင်မြင်ပါစေ
မနက်ဖြန်ခါတိုင်းမှာ … အောင်မြင်ပါစေ …
ထိပ်ထားရေ

‌              #တာရာမင်းဝေ

Comments

Popular posts from this blog

ထူးခြားလှတဲ့ တန်ခူးလနှင့် အတာကူးတဲ့ သင်္ကြန် (credit- original writer)

လင်းမာအိုရေးတဲ့ကဗျာများ

ခရီးဖော် (မောင်မိုးအိမ်)