နံပါတ် - ၃ (ထက်စံ)


နံပါတ် - ၃


မင်း ငါ့အနားမှာ မရှိတဲ့အခါ ကမ္ဘာကြီးဟာ မရှိတော့သလို

မင်း ငါ့အနား ရှိပြန်တော့လည်း ကမ္ဘာကြီးဟာ မရှိတော့သလို
ဒီလိုနဲ့ပေါ့  -- စင်သီယာ
ငါ့ရင်ဘတ်မှာ -- မင်းဟာ စကြာဝဠာကြီးတစ်ခုလို ဖြစ်တည်ခဲ့ပြန်တယ်။

လွမ်းတော့လည်း `လွမ်းတယ်´ ပြောခဲ့တာပဲ 

ချစ်တော့လည်း `ချစ်တယ်´ ပြောရုံပေါ့
မင်း ပေါ့ပေါ့တန်တန်သဘောထားရင်တော့
ငါဟာ အမှိုက်တစ်စလို လေလွှင့်ရုံပေါ့
မင်းက လေးလေးနက်နက် ယုံကြည်ခဲ့ရင်တော့
ငါဟာလည်း ဖာရိုဘုရင်ရဲ့ပိရမစ်ကြီးတစ်ခုလို
ခမ်းနားထည်ဝါစွာ ကမ္ဘာတည်သရွေ့ ရှိနေတော့မှာ*

ကောင်းကင်မှာ ကြယ်တွေလှတဲ့အခါ ငေးမောရသလို

မင်းနှုတ်ခမ်းလေး စပြုံးလိုက်တဲ့အခါ
လမင်းကြီးထွက်လာတယ်
မင်းကိုယ်တိုင်က ငါ့အတွက် နေမင်းကြီးတစ်စင်းလိုပါပဲပေါ့  ~ စင်သီယာ ~

ရိုးသားမှုဆိုတာ ဂုဏ်ပကာသနသမားတွေအတွက်

ဆေးရိုးသည်ပဲ။
မင်းကို ရိုးသားစွာချစ်ခဲ့မိခြင်းက
ငါ့သေဆေးငါဖော်ခဲ့သလား ??
ငှက်ဖြူဖြူလေးတွေက အသိုက်ဟောင်းလေးကို ပြန်မလာတတ်ဘူးတဲ့လား ???
တောင်ပံခတ်သံလေးများကြားရင် ငါ ရင်နင့်ရပါတယ်။

ငါ သိုသိုသိပ်သိပ်လေး လွမ်းရတဲ့အခါ 

သန်းခေါင်ယံမှာ ပိုသည်းနေတဲ့ မိုးမည်းတွေလို
ငါ့ကိုယ်ငါလည်း လမ်းဖျောက်ခဲ့ရ
ခုချိန်မှာတော့ မင်းမျက်ဝန်းလေးက ဖန်မီးအိမ်ပဲလေ။

ငါ အရမ်းသတိရနေတဲ့အခါ မင်းကို ဖွင့်ပြောခွင့်မရှိ

မင်းရော သတိရနေမလားလို့လည်း မေးမြန်းခွင့်မရှိ
စိတ်ကူးတွေဟာ မီးခိုးတအူအူနဲ့ မီးရထားတွေလို
ဘယ်တော့မှ ခေါင်းချင်းဆိုင်ခွင့် မရခဲ့ဘူး -- ။

ဟိုအဝေးတောင်တန်းလေးဆီက ပန်းရနံ့လွှင့်လာသလို

ကမ္ဘာ့အလင်းဘက်ခြမ်းဆီမှာရှိတဲ့ မင်းမျက်ဝန်းလေးက ရောက်လာတဲ့
ပဟေဠိတွေကို ငါ ကြိုးစားဖော်ထုတ်ဆဲ ~

မင်းနှလုံးသားကို လွင်တီးခေါင်လို့ပဲ မှတ်ပါ စင်သီယာ

တစ်ခါတစ်ခါ ပေါက်ရောက်တဲ့ ကန္တာရပင်တွေဟာလည်း အရိပ်မပေးဘူးလေ ။
ငါသာ ဘုမသိဘမသိ ယောင်လည်လည်ရောက်လာခဲ့မိတာ~
မျက်ကန်းတစ်ယောက်က တစ္ဆေမကြောက်သလိုမျိုး။

မင်းပတ်ဝန်းကျင်မှာ အပေါင်းအသင်းတွေနဲ့ ပျော်ရွှင်အောင်နေပါ ။

အစားကို ဂရုစိုက်စားပါ 

*ဘဝမှာ ကိုယ့်ဘာသာ အချစ်ဆုံးပါ*တဲ့ ။

မင်းစိတ်မှာ တခြားသူကို ချစ်မယ်လို့များ စိတ်ကူးရင်
ငါ့ကို `နံပါတ် - သုံး´ နေရာမှာပဲ ထားပါ  စင်သီယာ ။ ။
                                                  ထက်စံ

Comments

Popular posts from this blog

နောက်ဆုံးစာမေးပွဲ (လင်္ကာရည်ကျော်)

ရေစီးကြောင်း ပေါ် က အမှိုက်ဆိုတာ သူရပ်ချင်တဲ့နေရာ ရပ်လို့ မရဘူး မိဝေ (ထွဏ်းသွေးအိမ်)

ကျွန်တော့်စာသင်ခန်းထဲ၌ (ဖြိုးဝေအောင်)