အလွမ်းဆိုတာ အလေ့ကျပေါက်ပင်မဟုတ်ရင်ကောင်းမယ် (မိုင်မျိုးမျိုးဆန်း)

အလွမ်းဆိုတာ အလေ့ကျပေါက်ပင်မဟုတ်ရင်ကောင်းမယ်


ဒီခရီးကို ဒီမှာစပြီး

ဒီခရီးကို ဒီမှာဆုံးမယ်ဆိုလဲ ဆုံးလိုက်ကြရုံ . .

ရှေးရေစက်ဆိုတာမျိုးက

ကိုယ့်စိတ်ကြိုက်ဖြစ်ရိုးထုံးစံမှ မရှိတာပဲ. .


အေးစက်သွားတာမျိုးတော့မဟုတ်ဘူး

ဘယ်အရာကိုမှ ရွေးချယ်ခွင့်မရှိတဲ့အခါ

အေးစက်ဖို့ ကိုပဲရွေးချယ်လိုက်ရရုံ. .

နေညိုချိန်နဲ့ကြုံလာမှတော့ 

ကိုယ့်ရင်ခုန်သံတွေဆိုတာကိုလဲ 

ကိုယ်ကိုယ်တိုင်ပဲ အေးခဲလိုက်ရတယ် 

ပုပ်သိုးသွားမှာ စိုးလို့ ပါကွယ် . .


ရည်ရွယ်ချက်ရှိရှိနဲ့ တိတ်ဆိတ်နေတာမျိုးလဲမဟုတ်ဘူး 

ဘယ်လိုစကားလုံးမျိုးနဲ့မှ အကြုံးမဝင်တော့တဲ့အခါ

တိတ်ဆိတ်ခြင်းတစ်ခုကိုပဲ

စိတ်လိုလက်ရ ရွေးချယ်လိုက်ရရုံ . .

တစ်နည်းအားဖြင့်တော့ . .

မျက်စိကိုစုံမှိတ်ပြီး

ဆွံ့အ လိုက်ရတယ်ဆိုရုံပါပဲ . .


ကိုယ်ဟာ . .

ဘယ်တုန်းကနဲ့မှမတူတဲ့ ငြိမ်သက်ခြင်းမျိုးနဲ့

ကိုယ်ကိုယ်တိုင်တောင်

အံ့သြရလောက်အောင်ငြိမ်သက်မိတယ် . .

တကယ်တော့ . .

ငြိမ်သက်ခြင်းက 

ပိုပြီးတော့ ဆူညံတယ်ဆိုတာကိုလဲ

ကိုယ်ကိုယ်တိုင်ပဲ သိပါတယ် . .


နာစရာရှိတာတော့ နာတာပေါ့

လွမ်းစရာတွေမကုန်သေးတော့လဲ လွမ်းလိုက်ရုံ . .

ပြန်ဆုံဖို့ မတောင့်တဖြစ်တော့ပေမယ့်

အလွမ်းဆိုတာက နေရာတိုင်းမှာဝေတယ် ဘယ်တော့မှမကြွေတော့မယ့်ပုံမျိုးနဲ့လေ . . . .


အချစ်ရေ . .

ကိုယ်က သစ်တစ်ပင်ပါ 

သက်ရှိဆိုတာ အမည်ခံရုံသက်သက်ပဲ

မင်းဖန်တီးတဲ့ ရာသီတိုင်းမှာ 

ခြောက်သွေ့လိုက် စိမ်းစိုလိုက်နဲ့ 

( မသိရင် . . ) ကိုယ်ကိုယ်တိုင်ကပဲ အပြောင်းအလဲများခဲ့သလိုလို . .


ဒါနဲ့များတောင် ကိုယ်လိုလူက

နားလည်မှုတွေ အစီအရီဖူးလို့ 

မင်းကြည်နူးဖို့ ပန်းပေါင်းစုံပွင့်ရင်းရူးခဲ့ဖူးတယ်

ဒါလဲ . . အချည်းနှီးပါပဲလေ . .


အရာရာနားလည်သွားတဲ့အခါမှာတော့

မျှော်လင့်ချက်ကအစ အိပ်မက်တွေအဆုံး

ရော်ရွက်ဝါလို တစ်ပင်လုံးကြွေတယ် 

အဲ့ဒါ . . သစ်တစ်ပင်ရဲ့ နိဂုံး 

အရိုးစင်းဆုံး ပုံပြင်တစ်ပုဒ်လို 

ဇာတ်သိမ်းခန်းက ဖြစ်ရိုးဖြစ်စဉ်ဆန်လွန်းခဲ့တယ်. .


အဲ့ဒီနောက်မှာတော့ . .

သက်ပြင်းတွေ သိုဝှက်ထားပြီး

ခဝါချထားခဲ့တဲ့ မာန်မာနအပိုင်းအစတွေကို

ခဲရာခဲဆစ် ပြန်ကောက်ယူနိုင်ခဲ့တယ် ဆိုပေမယ့်. . .


အချစ်ရယ် . .

အလွမ်းဆိုတာမျိုးက 

အလေ့ကျပေါက်ပင်မျိုးမဟုတ်ခဲ့ရင်

ဘယ်လောက်ကောင်းလိုက်မလဲ . .

နေရာအနှံ့မှာ ပြန့် ကျဲမနေရင် 

ကိုယ်ရှောင်လွှဲလို့ လွတ်နိုင်သေးတယ်လေ. . .


အခုတော့ ကိုယ့်မှာ

အရာရာကို အရှုံးပေးနေရတယ်. .

တမ်းတတတ်လွန်းတဲ့ စိတ်ကိုရော

စိုးမိုးနိုင်လွန်းတဲ့ အတိတ်ကိုရောပေါ့ . .


ကဲ ကိုယ်ဘာများတတ်နိုင်မှာလဲကွယ် 

ထိန်းချူပ်လို့ မရနိုင်တဲ့အခါမျိုးမှာ

မွန်းကြပ်လွန်းတဲ့စိတ်တွေကို

စေလိုရာစေ ပျံသန်းခွင့်ပြုလိုက်ရုံပေါ့ . .


တစ်ခါတစ်လေမှာတော့ . . .

အတင်းအကြပ် ပျော်သလိုနေရတာမျိုးထက် 

ရိုးသားစွာ နာကျင်ရတာမျိုးက 

ပိုကောင်းပါတယ်လေ . .


                                      မိုင်မျိုးမျိုးဆန်း








Comments

Popular posts from this blog

ထူးခြားလှတဲ့ တန်ခူးလနှင့် အတာကူးတဲ့ သင်္ကြန် (credit- original writer)

ခရီးဖော် (မောင်မိုးအိမ်)

ဆရာဆန်း​ကျော်​ဝင်းရဲ့ကဗျာ