''ဒီနေ့ မောင် နဲ့ လမ်းခွဲခဲ့တယ်'' (ကောင်း-မန္တလေး)

''ဒီနေ့ မောင် နဲ့ လမ်းခွဲခဲ့တယ်'' (ကောင်း-မန္တလေး)


💔💔💔💔💔💔💔💔💔💔💔💔💔💔💔


ဟုတ်တယ်မောင်. . .။ဖဲကြိုးစိမ်းကို ရင်ဘတ်မှာ တွယ်ကပ်ပြီးလမ်းထက်မှာ ကြွက်တက်မတတ် လမ်းလျှောက်ခဲ့တာ. . . ခင်ပဲ မောင်။

အရင်က လက်ထဲမှာ နှင်းဆီပန်းလေး ကို ကိုင်ထားပေမယ့် ဒီနေ့တော့ ဆိုင်းဘုတ်ကို ရဲရဲဝံ့ဝံ့ဆုပ်ကိုင်ခဲ့တာ. . .။
ခင့် လက်ဝါး သွေးကြေဥနေတာ သိတယ်။ဒါပေမယ့် ခင် ဒီဆိုင်းဘုတ်ကို  ဖြေလျော့ မကိုင်ခဲ့ဘူး. . .။နာတာ သိလေ ခိုင်မြဲစွာ ဆုပ်ကိုင်မိလေပဲ။
မောင်. . .

မောင်သိတာ ခင့်တစ်ယောက်တည်း အတွက်။

ခင်သိတာ အဖြူ အစိမ်းတွေ အားလုံးအတွက်။

လာမယ့် အနာဂတ်အတွက်. . ။

ဆိုးရွား ယိုင်နဲ့နေတဲ့ပညာရေးစနစ်အတွက်။


ခင် အဲလိုလုပ်တော့ကော ဘာထူးမလဲ ဟုတ်လားမောင်။အဲဒီ အတွေးတွေနဲ့ ခံ နေခဲ့ရတာ ခု ချိန်ထိပဲ မောင်ရဲ့။
ထူးရမယ်။တစ်ခုခု ထူးလာတဲ့အထိ ဒီစနစ်ကို တော်လှန်သွားမယ်လို့ပညာရေး တပ်သားတွေ သစ္စာဆိုခဲ့ပြီမောင်. .။

ဆရာ ဆရာမအကြီးတွေတောင် မလှုပ်ရှားတာခင်တို့ လူငယ်တွေက အနေသာပဲ ဟုတ်လား။ခင်တို့ ဘယ်သူ့ဘယ်သူကိုမှ အပြစ်မဆိုချင်ဘူး။ခင်တို့ နောက်မကျခင် ပြင်ဆင်ရမယ်။ဒါ ခင်တို့ လူငယ်တွေရဲ့ ခံယူချက်ပဲ. .မောင်။


ရင်ဖုံး ထဘီ ဆံထုံးပိပိရိရိ ထုံးထားတဲ့ဆရာမတွေ လမ်းပေါ် လမ်းသလားထွက်နေခဲ့တာလို့  တချို့လှောင်တယ်။

ခင့် ကို တစ်ခုလောက်မေးကြည့်ပါ မောင်ရဲ့။


''ခင် ဆန္ဒပြချင်လား'' လို့။


ခင် မှ မဟုတ်ဘူး။ဘယ်ဆရာ ဘယ်ဆရာမ မှ ခုလို လမ်းပေါ်မထွက်ချင်ဘူး။ဆန္ဒဆိုတာ မပြည့်ဝ လို့ ပြ ရတာ မဟုတ်လား။ခင်တို့ ပြခဲ့တဲ့ ဆန္ဒဟာ တစ်ပြည်လုံး လိုလားနေတဲ့ ဆန္ဒပါမောင်ရေ။


''ခင် အဲဒီထဲ လိုက်ရင် မောင်နဲ့ အပြတ်ပဲ''

မိုးစက်တွေကြား လမ်းလျှောက် ချီတက်ရင်း
နားထဲက မထွက်ဘဲ အပြန်ပြန်ကြားယောင်ခဲ့မိတဲ့ မောင့်စကား။အခါခါ ပြုံးမိတယ် မောင်. . .။

မောင် ဒီလောက်တောင် အမြင်ကျဉ်းသတဲ့လား။
ခင် မောင့်ကို ချစ်တယ်။ဒါပေမယ့် နိုင်ငံ့အနာဂတ်ကို ခင့် အချစ်ရေးတစ်ခုအတွက် သစ္စာမဖောက်နိုင်ဘူးမောင်. .။
ခင် တစ်ထောင့်တစ်နေရာကနေ ဝန်းရံမှာမို့. . .ခင်နဲ့မောင့်ရဲ့ အတူတူရေးနေကြ ဒိုင်ယာရီ လေးထဲမှာ နောက်ဆုံးအနေနဲ့ စာလေးတစ်ကြောင်း ရေးပေးခဲ့တယ်။


''ဒီနေ့ မောင်နဲ့ လမ်းခွဲခဲ့တယ်''  ။ 

                             ကောင်း(မန္တလေး)                          6/8/2017 Sunday-8:48pm(ယနေ့  ပညာရေးစနစ်အတွက် ဆန္ဒထုတ်ဖော် တိုက်ပွဲဝင်ခဲ့သော ညီငယ် ညီမငယ် အားလုံးကို နှလုံးသားဖြင့် လှိုက်လှဲစွာ ဦးညွတ်ပါသည်)                                        #ကောင်းသိုက်စိုး

Comments

Popular posts from this blog

နောက်ဆုံးစာမေးပွဲ (လင်္ကာရည်ကျော်)

သူတို့ပြောသမျှ ကဗျာနှင့် ပတ်သက်၍

ခြင်္သေ့စိတ်ဓါတ်နဲ့ Plan-B (ဒေါက်တာဖြိုးသီဟ)