ကဗျာဆရာကို လွမ်းတဲ့ည (မိုင်မျိုးမျိုးဆန်း)


ကဗျာဆရာကို လွမ်းတဲ့ည


အမှောင်တွေနဲ့အတူ
အလွမ်းတွေ တအိအိပြိုကျ
ပြေးမလွတ်မယ့်အတူတူ
မျက်စိစုံမှိတ် လွမ်းပစ်လိုက်တယ်
ကဗျာဆရာရေ . .
ရှင်ကတော့ အိပ်လို့ ပျော်နေမှာပါ . .

ကျွန်မက လမင်းဆိုရင်
ကဗျာဆရာက နေတစ်စင်းပဲ
ရှင်သာ အလျှင်းမရှိတော့ရင်
ကျွန်မဘဝလဲ အလင်းပျောက်သွားတော့မှာ
ဒါကို ရှင် သိပါလေစ . .

လွမ်းလိုက်တာလို့ တဖွဖွရေရွတ်မိရင်
"သြော် . . အဲ့သလို " လို့ 
ဂွကျကျ ရှင်ပြန်ပြောဦးမှာမို့ လား
ကျွန်မ ထမ်းပိုးထားတဲ့ အလွမ်းလေး ခဏငှားပြီး
ကျွန်မလွမ်းသလိုလေး ရှင်လွမ်းကြည့်ပါလားလို့ 
ရန်တွေ့မိရင်
တဟားဟား အော်ရယ် လိမ့်ဦးမယ် . .
ကဗျာဆရာဟာလေ
အဲ့ဒီလို အမြင်ကပ်စရာ ကောင်းနေတတ်သေးတယ် . .

ခုနေ လွမ်းလို့ သေသွားရင်
ရှင့်ကဗျာလေးတွေထဲမှာ ပြန်ဝင်စားချင်မိပါရဲ့ 
ကဗျာဆရာရေ . .
ရှင်ချစ်တဲ့ ကဗျာလေးတွေကို
ကျွန်မ အားကျလိုက်တာလေ . .

ဇွတ်အတင်းအိပ်ဖို့ မျက်လုံးတွေပိတ်လိုက်တိုင်း
ရှင့်အကြောင်းတွေ ခေါင်းထဲရောက်ရောက်လာတယ်
အိပ်မက်ထဲ ဆုံတွေ့ကြဖို့ လဲ
လွမ်းတဲ့ စိတ်နဲ့ အိပ်လို့ မရတာ ခက်တယ် . .
ကဗျာဆရာရေ . .
လမင်းကြီးကို ကြည့်လိုက်စမ်းလို့ 
အရင်လို စိတ်လိုလက်ရ ပြောပါဦးလားကွယ် . .

တယ်လီဖုန်းလေးကို နားနားကပ်ပြီး
ရှင့်ရင်ခုန်သံတွေဆီ ပါးလေးအပ်ထားချင်သေးတယ်
ကျွန်မရဲ့ အလွမ်းစိတ်ထုထည်ကြောင့်
ရှင် လန့် နိုးသွားမှာလဲ စိုးရိမ်မိပါရဲ့  . .

ကျွန်မအတွက်
လွမ်းရတဲ့ အချိန်ဆိုတာ
ရှင်ဖုန်းချသွားတာနဲ့ စရေတွက်ပြီး
နောက်ငါးမိနစ်လောက်ကြာရင်
ရှင် ကျွန်မကို မေ့ထားတယ် ထင်နေမိတာမျိုး
အဲ့ဒီလို
ခပ်ဆိုးဆိုး မိန်းကလေးတစ်ယောက်က
အချိန်တိုင်း ရှင့်ကို လွမ်းနေတယ် . .

ကဗျာဆရာရေ . .
တစ်စုံတစ်ယောက်ရဲ့  အလွမ်းစိတ်က
တစ်စုံတစ်ယောက်ကို အိပ်မက်မက်စေပါသလား . .

ဒီလိုဆို
ကျွန်မချစ်တဲ့ ကဗျာဆရာလေးကို
ကျွန်မပိုင်တဲ့ အလွမ်းတွေနဲ့
အိပ်မက်လှလှ ဖန်ဆင်းပေးပါရစေ . .

ကဗျာဆရာရေ . .
အိပ်မက်လှလှမက်ပါစေ

အိပ်မက်လှလှမက်ပါစေကွယ် . .

                                       မိုင်မျိုးမျိုးဆန်း

Comments

Popular posts from this blog

နောက်ဆုံးစာမေးပွဲ (လင်္ကာရည်ကျော်)

သူတို့ပြောသမျှ ကဗျာနှင့် ပတ်သက်၍

ခြင်္သေ့စိတ်ဓါတ်နဲ့ Plan-B (ဒေါက်တာဖြိုးသီဟ)