မတော်တဆကျတဲ့ မျက်ရည် (ဆန်းမြင့်အောင်)
မတော်တဆကျတဲ့ မျက်ရည်
အပျော်လို့ခေါ်တဲ့ အပျက်တစ်ချို့နဲ့
မလေးနက်တဲ့ဘဝကို အဓိပ္ပါယ်မဲ့ဖြတ်သန်း
တက္ကသိုလ်ဆိုတဲ့လမ်းမှာ
ငါဟာမျက်ကန်းလေးတစ်ယောက်ပေါ့။
ပညာရွှေအိုးအတွက် ငွေတိုးတွေအမေချေး
ရှိတာလေးတွေရောင်း အားလုံးစုပေါင်းပြီး
သားတစ်ယောက်အတွက် ကျောင်းဆက်တက်ဖို့
ကြီးမားတဲ့မေတ္တာထားဖေနဲ့မေ ကြိုးစားခဲ့တယ်လေ။
ဆင်းရဲမှုတွေကြားက အသိတရားနဲ့
တစ်နယ်ဆီသွား စာကြိုးစားဟု
ဆုံးမတွေအတန်တန်ခြွေ ကြိုးစားစေခဲ့တယ်။
ဒါပေမယ့်---
ကြီးမားတဲ့ မေတ္တာတရားအပေါ်
ကြီးလေးစွာ ကျေးဇူးကန်းလို့
အမှောင်ထဲက မျက်ကန်း
အလင်းတန်းကို ရှာမတွေ့
အမှားလုပ်ရင်းပဲ အမှောင်ထဲ
မကောင်းမှုနဲ့ ပျော်မွေ့နေဆဲပါ။
သားဆိုးတောင်းစုတ် ကျောက်ကောင်းမဟုတ်သော
သားသမီးမိဘတွေ မျက်ရည်ပင်လယ်ဝေတာ
သားသိပါပြီ ဖေနဲ့မေ...
ပါးပြင်ပေါ် ပြိုကျလာမယ့်
မတော်တဆ ငိုရလို့ကျတဲ့
နောက်ထပ် မျက်ရည်တစ်စက်
ဝမ်းသာကျေနပ်လို့ပဲ ဖြစ်စေရမယ် ဖေနဲ့မေ။ ။
ချစ်ခြင်းအနန္တဖြင့်
မောင်ဆန်း
Comments
Post a Comment