မေ့ယူရတာကိုက သတိရခြင်း (သွင်ဟန်သူ)
မေ့ယူရတာကိုက သတိရခြင်း
မေ့ယူရတာကိုက သတိရခြင်းပဲ ။
မျှော်လင့်ချက်ကို လက်နက်လိုချလိုက်တယ်
တစ်ယောက်နဲ့တစ်ယောက်ကြား လူတစ်ယောက်စာ ဝေးခဲ့
အဲဒီအကွာအဝေးဟာ
ကိုယ်အလည်လာလို့မရတဲ့ မြို့တစ်မြို့
ကိုယ်လိုက်ကူးလို့မရတဲ့ ဘဝတစ်ဘဝ
မျက်မှောက်ကာလကို မျက်ကွယ်ပြုကိုပြုရတော့မယ်
ပြောခဲ့ဖူးတဲ့ ကုက္ကိုပင်ကို
ပြောခဲ့ဖူးတဲ့ လမ်းကလေးကို
မပြောခဲ့ဖူးတဲ့စကားနဲ့ မေ့တတ်ရတော့မယ်
စိတ်နဲ့ငါနဲ့ ညစ်မိတယ်
စိတ်နဲ့ငါနဲ့ ချစ်မိတယ်
ဒီအတိုင်းလွှတ်ထားရင်
အတွေးဟာ သတိရခြင်းဆီသွားတော့မယ်
သက်ပြင်းကို တရားလိုချမိတယ် ။
မေ့ယူနေရတာကိုက သတိရခြင်းပါပဲ ။ ။
သွင်ဟန်သူ
Comments
Post a Comment