ရည်းစားစာ (သော်မှော်)
ရည်းစားစာ
မအိပ်နိုင်ဘဲရေးတဲ့စာဟာ
တစ်မျက်နှာမပြည့်ပါဘူး
သူမရဲ့
တစ်နေ့တာအချိန်ဇယား
အလွတ်ရဖို့လိုတယ်
အပေါင်းအသင်းကောင်းဖို့လိုတယ်
ပြီးတော့
ဇရှိဖို့လိုတယ်
ကျောင်းလွယ်အိတ်ထဲ
ရေမွှေးစာအိတ်လေးထည့်ပေးဖို့ဆိုတာ
သေနတ်မောင်းခလုတ်ကို
ညှစ်တာထက်ခက်ခဲ
လူငယ်တွေ
ချစ်တဲ့စိတ်နဲ့ပဲ
သွေးရဲခဲ့ကြတယ်
စာသင်ခန်းထဲ
ခိုးခိုးကြည့်မိတဲ့အပြုံးလေး
ဖြစ်နိုင်ရင်
နောက်ကျောမှာစာရေးထားတဲ့
ဓာတ်ပုံလေးပြန်ပေးပါပေါ့
ရည်းစားစာဟာ
စကားမပြောဝံ့ရှာသူတို့ရဲ့
စွန့်စားခန်းစာအုပ်လည်းဖြစ်တယ်
ဂီတာသံတွေပါမယ်
နိုင်ငံတော်သီချင်းပါမယ်
စက်ဘီးဘဲလ်တီးသံလေးပါမယ်
ဆရာမအရိုက်ခံပြီးရင်
လည်ပင်းပြန်ဖက်ကြတဲ့
ချစ်စရာကျောင်းရန်ပွဲတွေပါမယ်
ခေတ်တစ်ခေတ်ရဲ့ငယ်ချစ်ဟာ
အဲဒီလောက်
ဖြူ စင်သိမ်မွေ့ခဲ့ကြပါတယ်
စမတ်မျိုးဆက်သစ်တွေနဲ့
လက်ကိုင်ဖုန်းလေးတွေ
မယုံနိုင်ဖွယ်
ရယ်မောနေကြပါလိမ့်မယ်။
သော်မှော်
Credit - မော်ဒန်ကဗျာ Facebook Page မှ ကူးယူဖော်ပြသည်။
Comments
Post a Comment