တစ်ယောက်ထဲပါပဲ ဒါပေမယ့်. . . . (မိုင်မျိုးမျိုးဆန်း)

တစ်ယောက်ထဲပါပဲ ဒါပေမယ့်. . . .



ကမ္ဘာဟာ နေကို နှစ်ကြိမ်ပတ်ပြီးတဲ့အခါ

ကိုယ့်အိပ်မက်ထဲကို ဝင်လာပြီးပြောပြတယ်

ချစ်ခဲ့တဲ့ သက်တမ်းတစ်လျှောက်

နာကျင်မှုတွေပိုများခဲ့ရင် တော်ပါတော့တဲ့

အလင်းနှစ်များတဲ့ကြယ်လေးတွေရေ ......

ကိုယ့်ရင်ထဲက သိပ်သည်းဆ က ပိုများပါတယ်ကွယ်......



မရေရာတာတွေများတဲ့ ထဲမှာ

တမ်းတမ်းတတချစ်ခဲ့မိတာ ကိုယ်သိပ်မှားတယ်

မှားမှန်းသိရဲ့ ဆက်ချစ်မိတာ ပိုလို့ မှားတယ်

အခုတော့.......

ကောင်းကင်ကြီးပြိုလာသလိုလို

မီးတောင်ကြီးမြိုထားရသလိုလိုပါပဲကွယ်......



သူ့ အပေါ်ထားတဲ့အချစ်တွေက

တဖြည်းဖြည်း ငွေ့ရည်ဖွဲ့ နေမိသလိုလို

ရုတ်တရက်ရွာချထက်မိုးတဲ့

တစိမ့်စိမ့်စိုစွတ်တဲ့နှင်းတွေက ပိုပြေးရခက်တယ်ဆိုတာကို

ကိုယ်မေ့နေမိခဲ့ရုံလေးပါပဲ .......



ကံကိုယုံပြီး ခုန်ချရမှာလား

တော်ပါပြီကွယ်

အရိပ်အယောင်တွေပီပြင်နေမှတော့

မင်းကိုယ့်ကိုချစ်တာဟုတ်ပါတယ်လို့ 

ကိုယ့်ကိုယ်ကိုယ်မညာရက်တော့ပါဘူး

လေပြေလေးလို လွင့်ပါးတတ်ချင်တယ်......



သေချာပါတယ်

ကိုယ်မင်းကို စွန့် လွှတ်လိုက်တဲ့အခါ

သတိရခြင်းတွေကိုတော့ ထိန်ချန်မိဦးမယ်

ဟုတ်တယ်......

တစ်ယောက်ထဲပါပဲ

ဒါပေမယ့် လွမ်းနေဦးမယ် ...........။          

                            မိုင်မျိုးမျိုးဆန်း

Comments

Popular posts from this blog

နောက်ဆုံးစာမေးပွဲ (လင်္ကာရည်ကျော်)

သူတို့ပြောသမျှ ကဗျာနှင့် ပတ်သက်၍

ခြင်္သေ့စိတ်ဓါတ်နဲ့ Plan-B (ဒေါက်တာဖြိုးသီဟ)