ငါ့ကို မချစ်တော့ဘူးဆိုရင် (မိုင်မျိုးမျိုးဆန်း)
ငါ့ကို မချစ်တော့ဘူးဆိုရင်
တစ်နေ့ ရွှေ တစ်နေ့ ငွေနဲ့
ငါ့ရဲ့ နေ့ တွေ ညတွေ အသက်မဲ့နေပြီ
ခပ်မြန်မြန်ပဲ အဆုံးသတ်ပါတော့......
မျက်ရည်တွေမှာ အက်ဆစ်ဓါတ်ပါရင်
ငါပျော်မိမှာ....
လူမသိ သူမသိ
ငါ့ကိုယ်ငါ ကျွမ်းလောင်သွားချင်လို့ .....
အစမကောင်းတော့
အနှောင်းလဲ မသေချာလှပါဘူး
လျော့တိလျော့ရဲ ချစ်ခဲ့မိတဲ့
ကိုယ့်ကိုယ်ပဲ သတ်သေချင်တယ်......
စီးဆင်းသွားတဲ့ ချောင်းတွေ မြစ်တွေနဲ့အတူ
မျှော်လင့်ခြင်းတွေ မျှောလွှတ်လိုက်တယ်
ပင်လယ်ရေ......
ငါ့မျက်ရည်တွေလဲ မင်းလိုပဲငန်တယ် ......
အတိတ်မှာ ဘာပဲဖြစ်ဖြစ်ခဲ့
ဒီအချိန်မှာ အကျုံးမဝင်တော့ဘူး
အားလုံးက
ဖြစ်ပြီးရင်း ပျက်ခဲ့ကြပြီပဲလေ
အမှတ်တရတွေ တော်ပါတော့......
လွမ်းလို့ သေသွားခဲ့ရင်
ယောင်လို့ တောင် မင်းမငိုပါနဲ့
မင်းမျက်ရည်တစ်စက်အတွက်နဲ့
သံသရာတစ်ပတ်လည်ရမှာ ငါကြောက်လို့ ပါ.....
မင်းငါ့ကို မချစ်တော့ဘူးဆိုရင်
ဇာတ်သိမ်းခမ်း လှလှလေးမှာ
မင်းနာမည်ကို ချရေးပေးပါ.......
ငါ့အဖို့ မှာတော့
အဖန်ငါးရာ ငါးကမ္ဘာထက်
တစ်ဖက်သတ်လွမ်းရတဲ့ ဒုက္ခကပိုကြီးလို့ ပါ ........ ။
မိုင်မျိုးမျိုးဆန်း
Comments
Post a Comment